လပြည့်ည စန္ဒာမုနိရင်ပြင်

ဆူးငှက်

ကျောက်တော်ကြီးဘုရားဝင်း အရှေ့တောင်ထောင့် မန်ကျည်းပင်ကြီးအောက် အကြော်ဆိုင်က ထလာပြီး စန္ဒာမုနိဘုရားဝင်းထဲရောက်တော့ နေထန်းတစ်ဖျား ထိလုပြီ…။ အရှေ့ဘက် မင်္ဂလာကန်တော်အနီး ထနောင်းပင်များဆီက ချိုးကူသံ သဲ့သဲ့ကို ကြားရ၏။ စန္ဒာမုနိဘုရားအနောက်ဘက် သံတန်ဆောင်းလေးအတိုင်း ဘုရားကုန်းတော်ပေါ် တက်တော့ လူသူမရှိ…။ ဘုရားရင်ပြင်သည် တိတ်ဆိတ် ငြိမ်သက်လွန်းလှသည်။ နေခြည်သည် ကုန်းတော်ရှိ စိန်တောင်တွေကို ငွါးစွင့် ပွင့်လင်းနေစေသည်။ သို့သော် အစွမ်းပြ မပူသေး…။ ဆောင်းဦး နှင်းနုကို စရုံပဲရှိလို့ အနေတော်ပဲ ဖြစ်သည်။

အာရုံခံဇရပ်ဆီမှ ဘုရားလူကြီးတစ်ဦးက ဘုရားပန်းအိုးများ လဲလှယ်ရန် ကုန်းတော်ဘက် ထွက်လာ၏။ ကျွန်တော်သည် အာရုံခံဇရပ်နှင့်စတီတော်အကြား တစ်နေရာသို့ ဦးတည်လိုက်သည်။ ထိုနေရာသည် အလေးအမြတ်ထားဖွယ်နေရာဖြစ်၏။ ဦးညွှတ် အလေးပြုဖွယ်နေရာဖြစ်၏။ အောက်မေ့တသ ဆင်ခြင်ဖွယ်နေရာဖြစ်၏။ ထို့အတူ ဂုဏ်ပြုပူဇော်ဖွယ်နေရာလည်းဖြစ်သည်။

ထိုနေရာတွင် ဝတ်ပြုဆုတောင်း အမျှအတန်းပေးဝေပြီးနောက် ပြုလုပ်နေကျ ကိစ္စတစ်ခုအဖြစ် စန္ဒာမုနိရင်ပြင်တော်ပေါ်ရှိ အုတ်ကွက်တွေအကြားပေါက်ရောက်လျက်ရှိသော မြက်ပင်တွေကို ခုတ်ယူဖယ်ရှားခြင်း ကုသိုလ်ကို ဆောင်ရွက်ပါသည်။ ကြက်တွန်သံ သဲ့သဲ့ ကြားရ၏။ မန္တလေးတောင်ခြေဆီက ဖြစ်မှာပေါ့…။ စေတီတော်ဆီက ဆည်းလည်းသံက လွင့်ပျံနေသည်။ အသစ်ဖူးစ ဆောင်းဦးလေလည်း မရဲတရဲ တိုးဝှေ့လာ၏။ ကောင်းကင်က ကြည်လင်နေသည်။

ကျွန်တော့်အတွေးမှာတော့ ကောင်းကင်သည် ညစ်ထေး အုံ့မှိုင်းနေ၏။ ညစ်ထေးအုံ့မှိုင်းမှုက တဖြည်းဖြည်း ရင့်မှည့် သိပ်သည်းလာသည်။ ကောင်းကင်၏ ညစ်ထေးအုံ့မှိုင်းမှုက သွေးကဲ့သို့ နီရဲလာချေပြီ။ အတွေးထဲကကောင်းကင်သည် အတိတ်ကိုခေါ်ဆောင်သွားတော့သည် တကား…။
××××× ×××××
၁၂၂၈ခု၊ ဒုတိယဝါဆိုလပြည့်ကျော် ငါးရက်နေ့ သုံးချက်တီးကျော် ခြောက်မာင်းခန့်အချိန် …။ ကုသိုလ်တော်ဘုရားနှင့် အတုမရှိကျောင်းတော်ကြီး အကြားရှိ နယ်မြေဘုံသာ စံနန်းတော်မှ အရှေ့ရှမ်းရိုးမဆီ၊ တောင်ဘက်ဇောင်းက လောကန်ဆီ၊ မြောက်ဘက် နန္ဒာကန်ဆီ၊ အနောက်ဘက်
ဧရာဝတီဆီ မျှော်ကြည့်လေတိုင်း ကောင်းကင်သည် သွေးကဲ့သို့ ရဲရဲနီနေ၏။

ရွှေမြို့တော်၏ ပြာသာဒ် စုလစ်မွန်းချွန်တို့သည် သွေးရောင်ပြည့်ဖောင်းနေသောကောင်းကင်ကို ထိုးစိုက် ဖောက်ခွဲတော့မယောင်…။ မကြာမီပါက်ကွဲ ပွင့်အံတော့မည်လော…။ လေးချက်တီးအချိန်ရာက်တော့ သွေးရောင်ကောင်းကင်သည် ရုတ်ခြည်း မည်းမိုက် ပိန်းပိတ်လာသည်။ လျှပ်လက် မိုးထစ်သံတွေ ထွက်ပေါ်လာ၏။ မကြာမီ နန်းမြို့တော် အရှေ့မြောက်၊ ရွှေမြို့တော် အရှေ့မြောက် အရပ်များဆီ မိုးကြိုးလောင်မီးများ ကျတော့သည်။
××××× ×××××

၁၂၂၈-ခု၊ ဒုတိယဝါဆိုလပြည့်ကျော် ခုနစ်ရက် …။
နန်းမြေဘုံသာစံနန်းတော် လွတ်တော်အနီး ယာယီတဲကြီးတွင် ဘဝရှင်
မင်းတုန်းမင်းကြီးသည် သဿမေဓ အမှုမှ စ၍ တိုင်းရေးပြည်ရေးများက
ရှင်းလင်းစစ်ဆေးနေဆဲ…။ မြင်ကွန်းမင်းသား၊ မြင်းခုံတိုင် မင်းသားတို့က အပေါင်းပါ လူ လေး ၊ ငါးဆယ် ခန့်နှင့် စံနန်းတော်တောင်နေအိမ်ဝင်းက ဓားလွတ်ကိုယ်စီနှင့် ထွက်လာ၏။ ထို့နောက် နန်းတော်လက်ယာ
ဝင်းတံခါးက ဝင်သည်။ ရုတ်ခြည်းပင် အိမ်ရှေ့မင်း ဝန်ကြီးတို့ကို လုပ်ကြံမည်လာရာ အိမ်ရှေ့မင်းလည်း ရှောင်တခင်တဲကြီးက အဆင်း၊ လွှတ်တော်လှေကားအနီး ဓားထိခိုက် နတ်ရွာစံ၏။

မြတောင်မြို့စား သေနတ်ဝန်ကြီးလည်း ဓားဒဏ်ရာဖြင့် သေဆုံးသည်။လောင်းရှည်မြို့စား လယ်ဝန်သံတော်ဆင့် နာခံပြော့ကြီးမှူး၊ ငရဲနဲခေါ် သန္တီနှစ်မြို့အုပ်တို့နှင့် လူအများဓားထိခိုက်ရှနေသည်။

ဝန်ထောက် မြို့သစ်မြို့စား၊ မိုးနဲဗိုလ်မှူး၊ ဝန်ထောက် ပုပ္ပားမြို့စား၊ ကျောက်ရဲမြို့စား၊ သစ်တောမြို့ဝန်၊ မြို့ဝန်မြို့သာမြို့စား၊ ကျောက်ရဲမြို့စား၊ သစ်တောမြို့ဝန်၊ မြို့ဝန်မြို့သာမြို့စား၊ ကျီဝန်၊ ဆင်ဝန်၊ ပင်းတလဲဝန်၊ တောင်ငူရမည်းသင်းမြို့ဝန်တို့မှအစ မှူးတော်မတ်တော်တို့လည်း ကိုယ်လွတ်ရှာင်ရှားကြရ၏။ သားတော် မလွန်မင်းသား၊ ညီပင်စည်မင်းသား၊ စကုမင်းသားတို့ကို အိမ်ရှေ့မင်း အမိန့်တော်နှင့်ဆို၍ ဆင့်ခေါ်ကာ လက်ယာဝင်းတံခါးအပြင်ရာက်စဉ် လုပ်ကြံ၍ ကံတော်ကုန်ကြသည်။

ထို့နောက် အုံကြွသူအစုသည် တံခါးနီက အတင်းဝင်ပြီး နယ်မြေဘုံသာသို့ တက်၍ ရှေ့ဝင်းမှူး တောင်ထားဝယ် ဗိုလ်ကင်းဝန်တို့ကို လုပ်ကြံလိုက်၏။ ဤသို့ဖြင့် နန်းမြေဘုံသာ၊ စံနန်းတော်ကြီးတွင် အိမ်ရှေ့စံ ကနောင်မင်းသားကြီး အပါအဝင် ဝန်ကြီး မင်းညီမင်းသားတို ေ့သွးမြေကျခဲ့ရလေသည်။

နောက် တစ်နှစ် ၁၂၂၉ခုနှစ်တွင်မူ စံနန်းတော်ဆောင်မတော်ကို ဖျက်သိမ်းပြီး အိမ်ရှေ့မင်းနှင့် သားတော်တို့၏ အလောင်းများ အုတ်ဂူသွင်းကာ၊ ယင်းဂူ၏ အရှေ့သုံးပေခန့် အကွာတွင် စန္ဒာမုနိ ရုပ်ပွားတော်မြတ်
ကိန်းဝပ်တော်မူရန် အုတ်ပြသာဒ်တည်၏။ စေတီတော်လည်းပေါက်၏။ ထို့ကြောင့် စေတီတော်နှင့် အုတ်ပြသာဒ်ကြားတွင် အိမ်ရှေ့စံကနောင်မင်း၏ အုတ်ဂူကြီး အထင်အရှား ရှိခဲ့ဖူးလေသည်။

ကျွန်တော်သည် မန္တလေးတောင်ခြေသို့ရောက်တိုင်း စန္ဒာမုနိဘုရားသို့ ဦးခိုက်၏။ ဘုရားကုန်းတော်ရာက်တိုင်း အိမ်ရှေ့စံကိုယ်တော်ကြီး၏ ဂူဗိမာန်ကိုဦးညွှတ်ဂါရဝပြု၏။ အမြော်အမြင်ကြီးမားသော နိုင်ငံခေါင်းဆောင်ကြီး တစ်ဦးမဟုတ်ပါလား။

စင်စစ် စန္ဒာမုနိစေတီတော်ရင်ပြင်၏ ဗိသုကာက ခေတ်မီဆန်းသစ်သည်။ ပစ္စယံအဆင့်ဆင့်ကို ဝန်းပတ်ထားသော စိန်တောင်များက ရင်ပြင်ကို
တင့်တယ်စေ၏။ စန္ဒာမုနိဘုရားပွဲတော်ကျင်းပသည့် သီတင်းကျွတ်လပြည့် ကာလများတွင် စိန်တောင်များအကြား ရင်ပြင်သည် လပြည့်ရောင်ဖြင့် အေးမြဝင်းလက်နေသည်။

ထိုနေရာများတွင် လရိပ်ခံထိုင်ရင်း နန်းရှေ့သူလေးတွေ တည်ခင်းသည့် ဆီးဖြူသီး၊ ငါးပိကြော်ကို စားရင်း လုလင်လုံမေတို့ အပြုံးဝေကြသည်။ ဤသို့ဖြင့် စန္ဒာမုနိရင်ပြင်ကား အမှတ်တရဖြစ်ဖွယ်များဖြင့် လွမ်းဆွတ် စေတော့သည်။

#voiceofmyanmar #VOM #ဆူးငှက် #လပြည့်ညစန္ဒာမုနိရင်ပြင်

Related posts

Leave a Comment

VOM News

FREE
VIEW