သွေး (စစ်ကိုင်း)
၂၀၂၁ ခုနှစ်အတွက် စာပေနိုဘယ်ဆုကို ဗြိတိန်မှာ အခြေချနေထိုင်တဲ့ တန်ဇန်းနီးယား စာရေးဆရာ အဗ္ဗဒူရာဇက် ဂါနား (Abdulrazak Gurnah)က ရရှိသွားပါတယ်။
ဇန်ဇီဘာကျွန်းကနေ ဗြိတိန်ကို ၁၉၆၀ ခုနှစ်တွေ နောက်ပိုင်း ရောက်ရှိလာခဲ့တာဖြစ်ပြီး နိုဘယ်ဆု ရွေးချယ်ရေးကော်မတီက “သူဟာ
ဘဝဟောင်းထဲက ထွက်ပေါ်လာတဲ့ ဘဝသစ်နဲ့ ယဉ်ကျေးမှုတွေကို စာနာကရုဏာစိတ်နဲ့ ရေးဖွဲ့ထားတာတွေ့ရတယ်” လို့ မှတ်ချက်ပေးပါတယ်။
သူ့ကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်၊ ဇန်ဇီဘာကျွန်းလေးမှာ မွေးဖွားခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ဇန်ဇီဘာကျွန်းဟာ တန်ဇန်းနီးယားနိုင်ငံရဲ့ နယ်မြေတစ်ခု ဖြစ်နေပါပြီ။ သူ့အသက် ၁၈ နှစ် အရွယ်မှာတော့ “ဇန်ဇီဘာ တော်လှန်ရေး” နဲ့ တွေ့ကြုံခဲ့ရပြီး ထင်မှတ်မထားတဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့ရပါတယ်။ တော်လှန်ရေးကာလ ပဋိပက္ခတွေအတွင်း သေဆုံး၊ ဒဏ်ရာရသူ အရပ်သားတွေ အများအပြားရှိခဲ့ပါတယ်။
၁၉၆၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဇန်ဇီဘာ တော်လှန်ရေးဟာ ဗြိတိသျှ ကိုလိုနီလက်အောက်ကနေ လွတ်မြောက်ပြီးတဲ့နောက် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဂါနားနဲ့ သူ့မိသားစုဟာ အသက်ရှင်သန်ရေးအတွက် ဗြိတိန်ကို ထွက်ပြေးခဲ့ပါတယ်။ ရွှေ့ပြောင်းဒုက္ခသည်အနေနဲ့ ဗြိတိန်ကို ရောက်လာပြီးနောက် Christ Church ကောလိပ်မှာ ပညာဆည်းပူးခဲ့ပါတယ်။ နောက်ပိုင်း ကန့်တက္ကသိုလ်မှာ ဆက်လက်ပညာသင်ယူခဲ့ပြီး ပါရဂူဘွဲ့အထိ ရရှိခဲ့တာပါ။ ၁၉၈၀ ကနေ ၁၉၈၃ အထိ နိုင်ဂျီးရီးယားနိုင်ငံ Bayero University Kano မှာ သင်ကြားပို့ချပေးခဲ့ပါတယ်။
စာပေဖြတ်သန်းမှု
————
အဗ္ဗဒူရာဇက် ဂါနားဟာ အသက် ၂၁ နှစ်က စ,ပြီး စာ စ,ရေးခဲ့တာပါ။ “ဆွာဟီလီ” ဘာသာစကားက သူ့မိခင်ဘာသာစကား ဖြစ်ပေမယ့် သူဟာ အင်္ဂလိပ်လိုပဲ ရေးခဲ့ပါတယ်။ သူဟာ ဝတ္ထုတို၊ ရသစာတမ်းတွေအပြင် လုံးချင်းဝတ္ထု အများအပြားလည်း ရေးသားခဲ့ပါတယ်။
သူ့ရဲ့ အစောပိုင်း လက်ရာတွေထဲမှာတော့ ဇာတိမြေနဲ့ ဝေးရာ နိုင်ငံတစ်ခုမှာ ဒုက္ခသည်အဖြစ် ရှင်သန်နေတဲ့ သူ့ရဲ့ အိမ်အလွမ်းဝေဒနာကို ပေါ်လွင်,ထင်ဟပ်စေတာ တွေ့ရပါတယ်။ သူ့ရဲ့ ခံစားချက်တွေ၊ အမှတ်ရချက်တွေကို ဒိုင်ယာရီထဲမှာ ချရေးတတ်လေ့ ရှိပြီး အဲဒီ အလေ့အထကပဲ သူ့ကို စာရေးဆရာတယောက် ဖြစ်လာစေဖို့ အထောက်အကူပြု တွန်းအားတွေ ဖြစ်လာတာပါ။
သူ့ရဲ့ Memory of Departure (ခွဲခွာခြင်းရဲ့ အမှတ်ရချက်) စာအုပ်ကို ၁၉၈၇ ခုနှစ်မှာ ထုတ်ဝေနိုင်ခဲ့ပါတယ်။ ကိုလိုနီပြုမှု၊ စစ်ပွဲ၊ တော်လှန်ရေး လှုပ်ရှားမှုတွေကြား မြေစာပင်၊ နေရပ်စွန့်ခွာထွက်ပြေးရသူများ၊ သူတို့ရဲ့ အခက်အခဲ၊ အကျပ်အတည်းများ သူတို့ရဲ့ မျှော်လင့်စိတ်နဲ့ စိတ်ဒဏ်ရာတွေကို အနုပညာမြောက် ရေးဖွဲ့, ဖန်တီး, တင်ပြထားပါတယ်။
အာဖရိက အရှေ့ပိုင်းကမ်းခြေကို နောက်ခံပြု ဇာတ်အိမ်တည် ရေးသားတာတွေ ရှိသလို သူ့ဝတ္ထုထဲက ဇာတ်ကောင်တွေက ဇန်ဇီဘာကျွန်းမှာ မွေးဖွားသူတွေ ဖြစ်နေပါတယ်။ တကယ်တမ်းမှာတော့ သူ့ အသက် ၁၈ နှစ် ကတည်းက စွန့်ခွာခဲ့ရတဲ့ ဇာတိမြေကို နောက်တစ်ခေါက် ပြန်ခွင့် မရတော့ပေမယ့် သူ့စိတ်ကူးအတွေးထဲမှာ ဇာတိမြေဟာ အမြဲစိုးမိုးနေတာ သေချာပါတယ်။
၂၀၂၁ ခုနှစ်အတွက် စာပေနိုဘယ်ဆု ချီးမြှင့်ခံရတဲ့သတင်း ကြားသိရတဲ့အခါ မယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်လို့ သူက ဆိုပါတယ်။ အငြိမ်းစားပါမောက္ခအဖြစ် Canterbury မြို့မှာ အေးချမ်းစွာနေထိုင်နေတာ ဖြစ်သလို လူမည်းတစ်ယောက်ဖြစ်တဲ့ သူ့အတွက် တကယ့်ကို ဂုဏ်ယူစရာပါ။
သူ့ရဲ့အယ်ဒီတာဖြစ်တဲ့ အလက်ဇန်းဒရာ ပရင်ဂယ်လ် (Alexandra Pringle)က “အာဖရိကန် စာရေးဆရာတွေထဲမှာ သူဟာ ဖန်တီးမှု အလွန်ကို အားကောင်းတဲ့ စာရေးဆရာပါပဲ။ သူ့အရေးသားတွေက လှပသလို ထိရှခံစားချက်တွေကိုပါ ပေးစွမ်းနိုင်တာပါ။ ဒီဆုနဲ့ ထိုက်တန်တယ်ဆိုတာထက်ကို ပိုပါတယ်” လို့ ပြောပါတယ်။
နိုဘယ်ဆု ရွေးချယ်ရေးကော်မတီမှ အင်ဒါးစ် အိုလ်ဆင် (Anders Olsson) ကလည်း “ဂါနားရဲ့ စာပေစကြဝဠာထဲမှာ အရာရာဟာ ရွေ့လျားနေတယ်၊ အမှတ်ရချက်တွေ၊ နာမည်တွေ၊ အမှတ်လက္ခဏာတွေပေါ့” လို့ ပြောပါတယ်။
ဂါနားဟာ ဒီနေ့ထိ လုံးချင်းဝတ္ထု ၁၀ အုပ် ရေးသားထုတ်ဝေခဲ့တဲ့ အထဲမှာ “Admiring Silence”စာအုပ်လည်း ပါဝင်ပြီး ဇန်ဇီဘာကျွန်းကနေ အင်္ဂလန်ကို ရောက်လာခဲ့တဲ့ လူငယ်တစ်ယောက်ကို ဇာတ်ကောင်ထား ရေးဖွဲ့ထားတာပါ။
၁၉၉၄ ခုနှစ်ထုတ် “Paradise” စာအုပ်ဟာလည်း လူကြိုက်များတဲ့ စာအုပ်တစ်အုပ် ဖြစ်ပြီး Booker ဆုအတွက် အမည်စာရင်း တင်သွင်းခံခဲ့ရတဲ့ စာအုပ်ပါ။ အဲဒီထဲမှာတော့ “ယူဆွတ်” ဆိုတဲ့ ဇာတ်ကောင်ကို အခြေပြု ရေးဖွဲ့ထားတာ ဖြစ်ပြီး ၊ ယူဆွတ် အသက် ၁၂ နှစ်အရွယ်လောက် ကတည်းက အကြွေးနွံနစ်နေတဲ့ ဖခင်ဖြစ်သူက အာရပ်ကုန်သည် တစ်ယောက်ဖြစ်တဲ့ “အဇစ်” ထံ အကြွေးနဲ့ လဲလှယ်ခံလိုက်ရတာကို ဆွတ်ကျင်ဖွယ် ရေးဖွဲ့ထားတာပါ။
ဂါနား အပါအဝင် ရွှေ့ပြောင်း အခြေချသူတွေဟာ မတူညီတဲ့ ယဉ်ကျေးမှုတွေရဲ့ တွန်းတိုက်,တွန်းထိုးမှုတွေကို ခံကြရစမြဲပါ။ အာဖရိကတိုက်နဲ့ ဥရောပတိုက်ကြား မတူညီတဲ့ ခြားနားတဲ့ ယဉ်ကျေးမှု၊ ဓလေ့ စရိုက်၊ ကိုလိုနီဝါဒရဲ့ သက်ရောက်မှု၊ လူသားရဲ့ မျှော်လင့်စိတ်၊ မွန်းကျပ်မှု၊ နာကျင်ခံစားရမှုတွေကို သူက အနုပညာလက်ရာတွေအဖြစ် ဖန်တီးရေးသားနိုင်သူပါ။
အာရပ်သွေးပါသူ ဂါနားဟာ ဇန်ဇီဘာတော်တော်လှန်ရေးကာလမှာ ပိုပြီး ဖိနှိပ်ခံခဲ့ရသလို ဗြိတိန်မှာ ဒုက္ခသည်အဖြစ် နေထိုင်ရတဲ့အခါမှာလည်း ဇာတိမြေကို လွမ်းဆွတ်မှု၊ အထီးကျန်မှုတွေ ခံစားခဲ့ရတာမို့ အဲဒီလို ခံစားရမှုတွေကပဲ သူ့ကို စာရေးဆရာတယောက်ဖြစ်လာဖို့ ဖန်တီး, စေ့ဆော်ပေးတာလို့ ဆိုနိုင်ပါတယ်။ ပြီးတော့လည်း သူဟာ ပညာရေးမှာ ထူးချွန်သူ တစ်ယောက်ဖြစ်သလို အာရေဗျနဲ့ ပါရှန်းကဗျာတွေကို
နှစ်သက်စွဲလမ်းသူ ဖြစ်တာကြောင့် သူ့အနုပညာလက်ရာ ဖန်တီးမှုတွေကို ခိုင်မာအားကောင်းစေပါတယ်။
“အင်္ဂလိပ်” နဲ့ “ကိုလိုနီခေတ်လွန်” စာပေဆိုင်ရာ ဘာသာရပ်ကို Kent တက္ကသိုလ်မှာ သင်ကြားပို့ချပေးခဲ့ပါတယ်။ စာပေပါမောက္ခအဖြစ် အငြိမ်းစား မယူခင်ထိ တာဝန်ထမ်းဆောင်ခဲ့တာမို့ သူဝါသနာပါရာ စာပေနဲ့ဆက်စပ်တဲ့ အလုပ်တွေကို ဘဝတလျှောက် ဆောင်ရွက်ခဲ့သူလို့လည်း ဆိုနိုင်ပါတယ်။
နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ သူ့လက်ရာတွေထဲမှာ “ကရုဏာစိတ်” အပြည့် ပါဝင်နေတာပါ။ သူ့ဝတ္ထုတွေက ဇာတ်ကောင် စရိုက်တွေမှာ ကရုဏာစိတ် အခြေခံပြီး ကိုယ်ချင်းစာမှုနဲ့
ရေးဖွဲ့တာဟာ သူ့ရဲ့ တကယ့်စိတ်ရင်းဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
“စာကောင်း ရေးချင်ရင် စိတ်ကောင်းမွေး” ဆိုတဲ့ မြန်မာစကားကို တစ်ဆက်တည်း အမှတ်ရမိပါတယ်။
၂၀၀၁ ခုနှစ်က ရေးသား ထုတ်ဝေခဲ့တဲ့ By the Sea ဆိုတဲ့ ဝတ္ထုဟာလည်း လူကြိုက်များတဲ့ စာအုပ်ဖြစ်ပြီး ဇာတ်ကြောင်းပြော ပုံစံနဲ့ ရွှေ့ပြောင်းအခြေချသူတွေရဲ့ အကျပ်အတည်း၊ အခက်အခဲကို ပေါ်လွင်အောင် ရေးသားထားတာပဲ ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်မှာတော့ ဂါနားဟာ Royal Society of Literature ရဲ့
အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ဝတ္ထုတိုတွေ စုစည်းထုတ်ဝေခဲ့တာလည်း ရှိပြီး ၂၀၀၇ ခုနှစ် နောက်ပိုင်း အာဖရိကန် စာရေးဆရာတွေထဲမှာ ပထမဆုံး စာပေနိုဘယ်ဆု ချီးမြှင့်ခံရသူလည်း ဖြစ်ပါတယ်။
ရွှေ့ပြောင်းအခြေချနေထိုင်သူ ဒုက္ခသည်အဖြစ်ကနေ စာနာစိတ်, ကရုဏာစိတ်နဲ့ ကိုလိုနီဝါဒရဲ့သက်ရောက်မှု အခြေအနေဆိုးတွေအောက်ကနေ မွန်းကျပ်စွာ ရုန်းကန် ဖြတ်သန်းနေရတဲ့ ဘဝတွေနဲ့ သူတို့ရဲ့ မျှော်လင့်ယုံကြည်ချက်တွေကို ပေါ်လွင်အောင် အနုပညာမြောက်ရေးသားနိုင်တဲ့ စာရေးဆရာအဖြစ် “အဗ္ဗဒူရာဇက် ဂါနား” ကို ရည်ညွှန်းပြောဆိုရတော့မှာပဲ ဖြစ်ပါတယ်။ ။
#voiceofmyanmar #VOM #ဆောင်းပါး #စာပေနိုဘယ်လ်ဆုရှင် #အဗ္ဗဒူရာဇက်ဂါနား