အခြေခံလူတန်းစားတွေအတွက် ငါးရာတန် ဇလုံထမင်း

အေးချမ်းသူ(VOM)
 
မြောက်ဒဂုံ စုပေါင်းရုံးလမ်းက စျေးတန်းလေးအတွင်းမှာ လူတွေစည်ကားလို့နေပါတယ်။အအေးဆိုင်တွေ မုန့်ဆိုင်တွေ အချဥ်ပေါင်းဆိုင်တွေ အစရှိတဲ့မြန်မာရိုးရာအစားအသောက်တွေနဲ့ အတူ ဘေးနှစ်ဖက်မှာ ငါးရာတန်ဇလုံထမင်းဆိုတဲ့ ဗီနိုင်းပေါ်စာလုံးကြီးတွေက အခြေခံလူတန်းစားတွေအတွက် တနေ့တာဝမ်းရေးကို ဖြေရှင်းပေးနေတဲ့အမှတ်အသားတစ်ခုပင်ဖြစ်ပါတယ်။
 
ထူခြားတာကတော့ ဒီစျေးတန်းလေးမှာ စျေးရောင်းချနေသူတွေရဲ့စျေးနှုန်းက ငါးရာထက်ပို၍ မယူခြင်းတာပဲဖြစ်ပါတယ်။အချို့က နှစ်ရာ၊သုံးရာ အစရှိတဲ့ စျေးနှုန်းတွေနဲ့ စျေးရောင်းချတာဖြစ်ပါတယ်။
 
ငါးရာတန်ဇလုံထမင်းကို ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတွေ ဆောက်လုပ်ရေးအလုပ်သမားတွေ ကုမ္ပဏီဝန်ထမ်းတွေ ခေါင်းရွက်ဗျက်ထိုးစျေးသည်တွေအပြင် ရပ်ကွက်ထဲက ဆင်းရဲနွမ်းပါးသူအချို့လည်း လာရောက်စားသုံးကြပါတယ်။
 
စတီးဇလုံထဲမှာ ထမင်းကိုထည့် ကြက်သား၊ငါး၊ဝက်သား၊ကြိုက်နှစ်သက်ရာ ဟင်းတစ်မျိုးကို ထည့်ပြီးပါက ငံပြာရည်ကြော်၊သရက်ချဥ်သုတ်၊ ပန်းဂေါ်ဖီကြော် သုံးမျိုးကို ထည့်ပေးကာ ငပိရည်တို့စရာအစုံ
အပြင် သီးစုံပဲကုလားဟင်းတစ်ခွက်နဲ့ လူတစ်ယောက် ဝလင်အောင်စားမှ ငွေငါးရာကျပ်သာ ပေးရတယ်လို့ လာရောက်စားသုံးသူ ဆောက်လုပ်ရေးအလုပ်သမားတဦးက ပြောပါတယ်။
 
“တန်တာပေါ့ဗျာ ငါးရာပဲကုန်တော့ ကျနော်တို့ဆို ထမင်းချိုင့်မထည့်တော့ဘူး၊ အိမ်အတွက်လည်း ပိုက်ဆံပိုထွက်တာပေါ့၊ ထမင်းနဲ့ ငပိရည်တို့စရာ အရံဟင်းက အဝစားလို့ရတယ်”လို့ သူကပြောပါတယ်။
 
လက်ရှိကာလမှာ ငွေကြေးအဆင်မပြေသူတွေအတွက် ငါးရာတန်ဇလုံထမင်းနဲ့ ဝမ်းရေးကိုဖြေရှင်းနေရပြီး အိမ်မှာ ချက်ပြုတ်စားသောက်ခြင်းမပြုဘဲ ငါးရာတန်ဇလုံထမင်းကို အမှီပြုပြီးစားသောက်ကြတယ်လို့ မြောက်ဒဂုံ ၁၂ ရပ်ကွက်က လာရောက်စားသုံးသူအမျိုးသမီးတဦးက ပြောပါတယ်။
 
“အခုချိန်မှာ အကုန်လုံးက ကျပ်တည်းနေတာ၊ အန်တီဆိုစျေးရောင်းတာ အခုကစျေးတွေကတက်နေတော့ ရောင်းဖို့အဆင်မပြေဘူး၊ စားဖို့တောင် အနိူင်နိူင်ဖြစ်တဲ့အထိ ဒုက္ခရောက်သွားတယ်၊ ဒီမှာမိသားစုသုံးယောက်လာစားတယ် တမနက် ၁၅၀၀ပဲဲ ကုန်တယ်”လို့ သူက
ပြောပါတယ်။
 
အခြေခံလူတန်းစားတွေ စားဝတ်နေရေးအခက်အခဲအတွက် ငါးရာတန်ဇလုံထမင်းကို ရောင်းချသူကတော့ ဝပ်ရှော့အလုပ်သမားဘဝမှ ကားအပိုပစွည်းရောင်းချတဲ့ဆိုင်ပိုင်ရှင်ဖြစ်လာခဲ့သူ ကိုနေသူရိန်ပဲဖြစ်ပါတယ်။
 
ငယ်စဥ်က ဘဝကိုပင်ပန်းဆင်းရဲစွာဖြတ်သန်းခဲ့ရတဲ့ သူတစ်ယောက်ဖြစ်လို့ အဆင်ပြေလာတဲ့အချိန်မှာ လက်တလောအခြေအနေတွေအရ အခြေခံလူတန်းစားတွေအတွက် သင့်တော်သောစျေးနှုန်းနဲ့ ငါးရာတန်ဇလုံထမင်းကို ရောင်းချပေးတာဖြစ်တယ်လို့ ကိုနေသူရိန်က ပြောပါတယ်။
 
“ရည်ရွယ်ချက်က အခြေခံလူတန်းစားတွေအတွက် အဓိကထားပြီးဖွင့်တာဗျ အကုန်လုံးမပြေလည်ကြဘူးလေ၊ ကျနော်ကိုယ်တိုင်လည်း ငယ်ငယ်က ငတ်ဖူးတယ်၊ အလုပ်လုပ်နေရင်း ထမင်းစားဖို့ပေးတဲ့ပိုက်ဆံနဲ့ အဆင်ပြေအောင် ဗိုက်ဝအောင်စားဖို့ဆိုတာ တကယ်မ
လွယ်တဲ့အလုပ်၊ ကိုယ်ချင်းစာစိတ်နဲ့ဖွင့်တာပါ”လို့ သူကရှင်းပြပါတယ်။
 
သူဟာ ဖြူးမြို့နယ်၊ ဇေယျဝတီသားတစ်ဦးဖြစ်ပြီး ညီအကိုမောင်နှမ ခြောက်ယောက်ရှိကာ ရှစ်တန်းစာမေးပွဲဖြေချိန်မှာ ဘုန်းကြီးဖြစ်သူက ရန်ကုန်ကိုခေါ်ကာ ကားဝပ်ရှော့မှာ အလုပ်သွင်းပေးရာကနေ ကြိုးစားအားထုတ်မှုကြောင့် NTR ကားအပိုပစွည်းအရောင်းဆိုင်ပိုင်
ရှင်တစ်ဦးဖြစ်လာခဲ့သူပါ။
 
“ကားဝပ်ရှော့မှာ လုပ်တုန်းက အလုပ်ရှင်က ထမင်းစားဖို့ နှစ်ရာပဲပေးတယ်၊ ၁၉၉၈ လောက်ကပေါ့ ပိုက်ဆံနှစ်ရာနဲ့ ဗိုက်ဝအောင် စားဖို့ ဆိုင်ကိုပတ်ရှာရတာ နာရီဝက်၄၅ မီနစ်ကြာပါတယ်။အဲ့ဒီအချိန်ကတည်းက စိတ်ကူးရှိခဲ့တာပါ”လို့ သူကပြောပါတယ်။
 
လက်တလော ပြည်သူလူထုမှာ အလုပ်အကိုင်ရှားပါးလာပြီး အချို့မှာ ထမင်းစားဖို့အတွက် ပြဿနာမရှိတဲ့သူတွေရှိသလို ထမင်းတနပ်စားရဖို့အတွက် ဒုက္ခတွေနဲ့ရင်ဆိုင်နေရတဲ့သူတွေရှိတယ်လို့လည်း ပြောပါတယ်။
 
ငါးရာတန်ဇလုံထမင်းကို အောက်တိုဘာလက စတင်ဖွင့်လှစ်ခဲ့ရာ စတင်ရောင်းချချိန်မှာ လူသုံးဆယ်လောက်သာရှိသော်လည်း လက်တလောမှာ လာရောက်စားသုံးသူ လူဦးရေတစ်ထောင်နီးပါးရှိတယ်လို့ ကိုနေသူရိန်က ပြောပါတယ်။
 
ဇလုံထမင်းအတွက် ငွေငါးရာဆိုသည်မှာ သတ်မှတ်ချက်မဟုတ်ဘဲ အဆင်မပြေတဲ့မိသားစုတွေ လာရောက်စားသုံးနိူင်ဖို့ကိုလည်း စီစဥ်ထားတယ်လို့လည်း သူကပြောပါတယ်။
 
“အဆင်မပြေဘူး လာစားလို့ရတယ်၊ ပိုက်ဆံမပါတာဘဲဖြစ်ဖြစ် ပိုက်ဆံမရှိတာဘဲဖြစ်ဖြစ်ပေါ့ ငွေကြေးသတ်မှတ်ထားတာမရှိပါဘူး၊ မရှိလည်း အလကားစားသွားလို့ရပါတယ်”လို့ ကိုနေသူရိန်ကပြောပါတယ်။
 
လာရောက်စားသူတွေဟာ ငွေငါးရာကို အလှူခံပုံးလေးထဲထည့်ပြီး ငါးရာဆိုတဲ့ ကတ်ထူပြားလေးကို ဆိုင်းဘုတ်မှာချိတ်ဆွဲခဲ့ကာ မရှိဆင်းရဲသားတွေက ကတ်ထူပြားလေးကိုကောင်တာကိုပေး၍ စားသုံးနိူင်တယ်လို့လည်း သိရပါတယ်။
 
ဆိုင်ဖွင့်ချိန်ကို မနက် ၁၁ နာရီကနေ နေ့လယ် ၁ နာရီအထိသာ ဖွင့်လှစ်ပြီး နေ့စဥ်လူဦးရေ တစ်ထောင်အထိ စားသုံးနိူင်ဖို့ စီစဥ်ထားတယ်လို့လည်း သိရပါတယ်။
 
” ထမင်း၊ဟင်း ချက်ပြုတ်ရာမှာ စားသုံးသူတွေအတွက် ဒီဇလုံထမင်းမှာ အာဟာရဓာတ်ပြည့်ဝရမယ်၊ စားလို့ကောင်းရမယ် ဒ၊ အရသာရှိရမယ်၊ လူတစ်ယောက်အတွက်လိုအပ်တဲ့ အာဟာရပြည့်စုံစွာပါရမယ်၊ ဗိုက်ပြည့်ရမယ်၊ ကုန်ကျစရိတ်အနည်းဆုံးဖြစ်ရမယ် “လို့ သူကပြောပါတယ်။
 
လက်ရှိဖွင့်နေတဲ့ ငါးရာတန်ဇလုံထမင်းကို ကိုယ်ပိုင်ငွေကြေးနဲ့ မတည်ဖွင့်လှစ်ထားပြီး လက်တလောမှာ ကုန်ကျစရိတ်သိပ်မရှိဘဲ အလှူရှင်တွေကြောင့်လည်း အခြေခံလူတန်းစားတွေအဆင်ပြေနေတယ်လို့ ကိုနေသူရိန်က ပြောပါတယ်။
 
ကိုနေသူရိန်ဟာ သူရဲ့မြေကွက်လွတ်မှာ ငါးရာကျပ်တန် ကုသိုလ်ဖြစ်စျေးတန်းနဲ့ ငါးရာကျပ်တန်စီးပွားဖြစ်စျေးတန်းကိုလည်း ဖွင့်လှစ်သွားမယ်လို့ ပြောပါတယ်။
 
“ကုသိုလ်ဖြစ် ငါးရာကျပ်တန်စျေးတန်းဆိုတာ စျေးနှုန်းကတော့ ငါးရာပဲ ကုန်ပစွည်းကတော့ ငါးရာထက်မကပါဝင်မှာဖြစ်တယ်၊ စီးပွားဖြစ်ဆိုတာကတော့ ကျနော်တို့က ဆိုင်ခန်းပေးပါမယ် သူတို့ကကုန်ပစွည်းကို ငါးရာနဲ့ရောင်းရမှာပါ”လို့ သူကရှင်းပြပါတယ်။
 
ရပ်ကွက်ပေါင်း ၂၀ နဲ့ ဖွဲ့စည်းထားတဲ့ မြောက်ဒဂုံလိုနေရာမျိုးမှာ အခြေခံလူတန်းစားတွေအတွက် ငါးရာတန်ဇလုံထမင်းဟာ တစ်ဖက်တစ်လမ်းက အထောက်အကူပြုတယ်လို့ လာရောက်စားသုံးသူတွေဆီက သိရပါတယ်။
 
“ထမင်းတစ်နပ်အတွက် ရုန်းကန်ခဲ့ဖူးတဲ့သူတွေပဲ ထမင်းတနပ်က ဘယ်လောက်ခက်ခဲလဲဆိုတာ သိတာ”ဟုပြောရင်း ကိုနေသူရိန်တယောက် ငါးရာတန်ဇလုံထမင်းကို အားရပါးရ စားနေပါတော့တယ်…..။
 
#voiceofmyanmar #VOM #ဆောင်းပါး #ငါးရာတန်ဇလုံထမင်း

Related posts

Leave a Comment

VOM News

FREE
VIEW