သတင်းဌာန ၅ ခုရဲ့ ရုပ်သံလိုင်းတွေကို ဖမ်းယူကြည့်ရှုနိုင်တဲ့ဝန်ဆောင်မှုမပေးဖို့ ဟိုတယ်နဲ့တည်းခိုခန်းတွေကိုအသိပေးစာထုတ်

နိုဝင်ဘာ ၂၃-၂၀၂၁
GH ( VOM )
 
ဟိုတယ်၊ တည်းခိုခန်းတွေအနေနဲ့ မဇ္ဈိမ၊ DVB ၊ ခေတ်သစ်မီဒီယာ၊Myanmar Now နဲ့ 7 Day သတင်းဌာန ၅ ခုရဲ့ ရုပ်သံလိုင်းတွေကို ဖမ်းယူကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုပေးတာမျိုးတွေ မလုပ်ဖို့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက မနေ့ နိုဝင်ဘာ၂၂ ရက်နေ့မှာ အသိပေးစာထုတ်ပြန်လိုက်ပါတယ်။
 
” သူတို့ဘယ်ဟိုတယ်တွေမှာ တွေ့လဲတော့ မသိပါဘူး။ကျနော်တို့ဆီတော့ သူတို့ပြောတဲ့လိုင်း တခုမှမရှိဘူး။ အရင်ကတော့ DVB နဲ့ Mizzima ထည့်တယ်။ အခုနောက်ပိုင်း မရှိတော့ပါဘူး။ နောက် မြန်မာနောင်းတို့ဘာတို့က အွန်လိုင်းပဲရှိတာမလား၊ရုပ်သံလိုင်းမရှိသေးဘူးထင်တယ် “လို့ ဟိုတယ်လုပ်ငန်းရှင်တဦးကပြောပါတယ်။
 
အဲ့ဒီ သတင်းမီဒီယာ ၅ ခုကို ထုတ်ဝေခြင်းလုပ်ငန်းအသီးသီး ပိတ်သိမ်းထားပြီး မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာ တစ်ရပ်ရပ်ကိုအသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ပြသခြင်းမပြုဖို့ မတ်လ ကတည်းက ကြေညာထားပြီးဖြစ်တယ်လို့သိရပါတယ်။
 
တချို့သော ဟိုတယ်တွေနဲ့ တည်းခိုရိပ်သာတွေမှာ အဲ့ဒီပိတ်သိမ်းထားတဲ့ မီဒီယာတွေရဲ့ထုတ်ဝေမှုကို ဝန်ဆောင်မှုပေးနေတာမျိုး စိစစ်တွေ့ရှိရတာကြောင့် အခုလို စာထုတ်သတိပေးခြင်းဖြစ်ကြောင်း၊ လုပ်ငန်းလိုင်စင်ရယူဆောင်ရွက်နေတဲ့ ဟိုတယ်၊ တည်းခိုရိပ်သာ၊ ခရီးသွားလုပ်ငန်းတွေအနေနဲ့ တည်ဆဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ပြီး ဥပဒေနဲ့အညီသာ ဧည့်ဝန်ဆောင်မှုလုပ်ငန်းတွေဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။
 
ဒါ့အပြင် ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်ခွင့်ပြုထားတဲ့အဖွဲ့အစည်းရဲ့ စက်ကလွဲပြီး မှတ်ပုံတင်ထားခြင်း လိုင်စင်ရယူထားခြင်းမရှိတဲ့ ပစ္စည်းတွေကလည်း လက်ဝယ်ထားရှိခွင့်မရှိတဲ့ တရားမဝင်ဂြိုဟ်တုရုပ်မြင်သံကြားစက်ဖြစ်လို့ အဲ့ဒီစက်တွေကို ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာမြို့နယ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အပ်နှံရမယ်လို့ စာထဲမှာရေးသားထားပါတယ်။
 
တကယ်လို့ သတ်မှတ်ရက်အတွင်း အပ်နှံဖို့ပျက်ကွက်ပါက ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေ ၃၆ အရ အရေးယူခြင်းခံရမယ်လို့ ညွန်ကြားစာမှာ ရေးသားထားပါတယ် ။
 
#voiceofmyanmar #VOM #ရုပ်သံလိုင်း #ဖမ်းယူမှုမပြုဖို့ #ဟိုတယ်တွေကိုသတိပေး

Related posts

Leave a Comment

VOM News

FREE
VIEW