ဆူးငှက်
ခြွေနိုင်မှ ရံသတဲ့
—————–
သရက်ကုန်း လယ်တော အိမ်ကလေးရောက်တော့ အမေပျော်နေပါသည်။ မနက်လင်း မျက်နှာသစ် စားသောက်ပြီးတာနှင့် သီချင်းလေး တအေးအေးနှင့် အိမ်ရှေ့ထွက်ထိုင်နေတော့သည်။ အသက်ကလည်း ၉၀ကျော်စ ပြုပေမယ့် အမေ့မှာ ဘာရောဂါမှ ကြီးကြီးမားမား မရှိ။ မှတ်ဉာဏ်ကအစ ကောင်းနေသည်။ တကယ်တော့ အမေသည် တောမှာမွေးပြီး အလုပ်ကြမ်းမျိုးစုံ လုပ်ကိုင်ခဲ့ရသလို အိမ်ထောင်ကျ၍ မန္တလေးရောက်လာတော့လည်း အချိန်၁၀နီးပါး ဆီဗျပ်ကို ခေါင်းပေါ်ရွက်ကာ ၄ပြင်၄ရပ် အရပ်တကာ ခြေကျင်သွားလာ နေရတာ အသက် ၆၀ကျော်အထိမို့ ကျန်းမာရေး ကောင်းနေပုံရသည်။
တစ်ခုပါပဲ၊ အခုသရက်ကုန်းအိမ်ရောက်တော့ အရင်က ဒေါင်းရိုးစိုင်ပြွန်ရိပ်သာ ဝင်းထဲနေစဉ်ကလို၊ ဟေမာဇလရပ် အောင်ရတနာတိုက်မှာ နေစဉ်ကလို သမီးတွေမြေးတွေ ဆွေတွေမျိုးတွေ သိုင်းသိုင်းဝန်းဝန်း မရှိလု့ိ တောင်တွေး မြောက်တွေးနှင့် မနေတတ်တာပဲ ရှိသည်။ တကယ်တော့ ထိုစဉ်ကာလ အားလုံးလိုလိုမှာ စီးပွားရေး အကျပ်အတည်းကြောင့် အချိန်နှင့်အမျှ ရုန်းကန်နေကြရလို့ အရင်လို မရောက်ဖြစ်ကြတော့။ သည်အခါ နှုတ်က တိုက်ရိုက်ဖွင့်မပြောသော်လည်း သူ့စိတ်ထဲက သူ့ကို ပစ်ထားကြလေခြင်းဟု နေ့နေ့ညည ခံစားရပြီး သီချင်းလေးနှင့် စောင်းကာမြောင်းကာ သီဆို အသိပေးတတ်သည်။
ထိုသီချင်းတွေက သူငယ်စဉ်က နှစ်သက်ခဲ့သည့် နောက်ပိုင်းဇာတ်ထုပ်တွေထဲက သီချင်းတွေမို့ အခုပြန်စဉ်းစားသောအခါ ကျွန်တော်လည်း မမှတ်မိတော့ပေ။ သဘောက ကြောင်အိုတော့ ကြွက်မလေး၊ လူအိုတော့ လူမလေးဟူသည်မျိုး၊ မပေးနိုင် မကမ်းနိုင်လို့ မခြွေနိုင်လို့ မရံကြတော့သည့်သဘော၊ လင်တွေ မယားတွေ အနား ကပ်နေကြလို့ သူ့ကို မေ့ရက်ကြလေခြင်း ဟူသည့် သဘော သီချင်းတွေ ဖြစ်သည်။ နောက်တော့ တစ်ဆင့်တိုးလာ၏။ ထိုသို့ လွမ်းဆွတ်နေချိန် အစ်မတွေ တစ်ယောက်ယောက်များ ရောက်လာလျှင် ကျွန်တော်က သူ့ကိုဂရုမစိုက်ဘူးဟု တိုင်ပြန်သည်။ အမှန်က အစ်မတွေဆီ လိုက်ပြီး အခြားမြေးတွေကို သူကသွားတွေ့ကာ ချွေးခံအင်္ကျီအိတ်ထဲက နှိုက်ပြီး မုန့်ဖိုးပေးချင်တာ ဖြစ်သည်။
ဤသို့ဖြင့် မုံရွာလိုက်သွားလိုက်၊ ပြန်လာလိုက်၊ မြို့သစ်လိုက်သွားလိုက်နှင့် အစ်မတွေအိမ်မှာ တစ်လှည့်နေပြန်သည်။ မြို့သစ်က အစ်မအိမ်ရောက်နေလို့ တစ်ပတ်လောက်အကြာ ကျွန်တော်သွားလည်ပြန်လျှင် အစ်မအလစ် ကျွန်တော့်ဘေး ကပ်လာပြီး နင့်အစ်မက ငါ့ကို ဂရုမစိုက်ဘူး၊ သူချက်တာတွေ မကြိုက်ဘူး၊ ထမင်းမစားနိုင်တာ ၂ရက်ရှိပြီ ၃ရက်ရှိပြီဟု တိုးတိုး တိုးတိုးနှင့် တိုင်ပြန်၏။ ထိုအခါ သူ သရက်ကုန်းက သူ့မြေးတွေကို လွမ်းပြန်ပြီဟု သဘောပေါက်ပြီး ပြန်ခေါ်ခဲ့ရ ပြန်၏။
လရိပ်ဆည်းဆာ
——————–
ကျွန်တော်က ထိုအကြောင်းတွေကို “လရိပ်ဆည်းဆာ” အမည်ဖြင့် ရွှေအမြုတေမဂ္ဂဇင်းတွင် ဝတ္ထုတို တစ်ပုဒ် ရေးဖူးပါသည်။ ထိုဝတ္ထုတိုကို မြန်မာ့အသံက အသံလွှင့်ဇာတ်လမ်း အဖြစ်လည်း အကြိမ်ကြိမ် လွှင့်ခဲ့ပါ၏။ ထိုဝတ္ထုတိုတွင်
“မန္တလေးမြို့အစွန့်အဖျားက ခြံဝင်းအကျယ်ကြီးတွေနဲ့ မလှမ်းမကမ်းနေရာလေးမို့ အမေနှင့်အတူ ကျွန်တော်တို့ ပြောင်းရွှေ့တော့ ကနဦးအစမှာ ကိုယ့်အိမ်ကိုယ့်ရာလေးနှင့် သူ့သား သူ့မြေးလေးတွေ နေနိုင်တာမို့ ဝမ်းသာနေသည်။ မနက် လင်း မျက်နှာသစ် မုန့်ပဲသရေစာ စားသောက်ပြီး သူ့အခန်းလေးထဲက နံရံကို ကိုင်ရင်း အိမ်ရှေ့ခန်းဆီ ထွက်လာ၏။ တွဲခေါ် လျှင်ပင် မကြိုက်။ “အမလေး .. ဆီအချိန်တစ်ဆယ်ကျော် ရွက်ပြီး အသက်ခြောက်ဆယ်ကျော်အထိ တောင်ပြင် မြောက်ပြင် အနှံ့သွားခဲ့ပါတာတော်” ဟု ပြောရင်း အဝင်၀ ကုလားထိုင်မှာ အမြဲထိုင်သည်။ ထို့နောက် ခြံထဲက သစ်ပင်တွေ၊ ငှက်ကလေး တွေ၊ မျက်နှာချင်းဆိုင်ခြံထဲက သပြေပင်တွေ ကြည့်ကာ ငယ်ငယ်က အကြောင်းတွေ၊ သူ့သားသမီး မြေးမြစ်အကြောင်းတွေ၊ အရပ်ထဲက သူ့ဆီဖောက်သည်တွေအကြောင်း နားထောင်သူ မရှိလည်း ခပ်လှမ်းလှမ်းမှာ အိမ်သားတစ်ယောက်ယောက်ရှိနေ မှာမို့ ပြောမြဲ ပြောနေသည်။
ပြောင်းကာစတော့ မြို့တောင်ဘက်အစွန်းကနေ ဘတ်စ်ကား “သုံးတန်သုံးလီ” စီးကာ ရောက်လာသည့် မြေးတွေက အဆက်မပြတ်လှတာမို့ သူ့ချွေးခံအိတ်ကို နှိုက်စရာ ရှိနေတာပေါ့။ သို့သော် ဒီကလည်း နေသားကျ သူတို့ကလည်း ဥပုသ်နေ့ ပင် နားကြဟန်မတူ။ ကိုယ့်အလုပ်သူ့အလုပ် တာဝန်ထမ်းပိုးတွေ ပိုလာကြတော့ တစ်လတစ်ခေါက်ပင် မရောက်နိုင်ကြတော့။ တချို့လည်း နယ်ပြောင်းသွားကြ။
သည်လိုနှင့် …
မနက်လင်းလို့မှ ငှက်ကလေးတွေ စိုးစီစိုးစီ အသံနှင့် တဂျောင်းဂျောင်းနင်းကာ ဖြတ်သွားသော နွားနို့ပို့စက်ဘီးသံမှ တစ်ပါး အခြားလူသံသူသံ ကင်းမဲ့သည့် နေရာလေးမှာ နှစ်လတစ်ခါပင် မလာနိုင်ကြတော့သည့် တစ်မြို့တည်းနေ မြေးတွေကို မျှော်ရင်း ခြောက်လ တစ်နှစ်မှာပင် တစ်ခါ နှစ်ခါထက် ပိုမတွေ့ရတော့သည့် ရပ်ဝေးက သားသမီးမြေးမြစ်တွေ မျှော်ရင်း…
နံနက်လင်းတာနှင့် အမေ အိပ်ရာထဲမှာပဲ ခွေနေသည်။
သူ့ပိုက်ဆံအိတ်အနက်ကလေးလည်း ငွေစက္ကူမဲ့ကာ ပြားကပ်နေတာ ကြာပေါ့။
တစ်ခါတစ်ခါ ရောက်လာကြ၍ ကန်တော့သွားကြသော ငွေစက္ကူ အသစ်ကလေးတွေကို အိတ်ကလေးထဲ ထည့်သိမ်း ကာ ဖျာအောက်ဖွက်ရတာ၊ ခေါင်းအုံးအောက် ထိုးရတာ၊ မြေးတွေ အသံကြားလို့ ထုတ်ပေးချင်တော့ ဘယ်နေရာထားမိမှန်း မသိ၊ ရှားရတာ၊ သည်သံသရာထဲမှာပင် အမေ့အသက် ကိုးဆယ်ကျော်ခဲ့ပါပြီ …” ဟု ရေးဖွဲ့ခဲ့သည်။
သား၏ အိမ်လေးပေါ်က အမေ့ပီတိ
———————————–
တကယ်တော့ အသက် ၁၆နှစ်သမီးအရွယ် အိမ်ထောင်ကျစ ကတည်းက မန္တလေးရောက်လာကာ သားသမီးတွေရပြီး မြေးတွေ မြစ်တွေရသည်အထိ အဘနှင့်အတူ ခေါင်းရွက်ဗျပ်ထိုး ရုန်းကန်ရှာဖွေ စားသောက်ခဲ့ရသော်လည်း သူ့ခမျာ အိုးပိုင် အိမ်ပိုင်မရှိခဲ့ပေ။ ကုန်ကုန်ပြောကြစို့ဆိုလျှင် မန္တလေးတွင် အမေတို့ ဇနီးမောင်နှံမရောက်ခင်ကပင် အဘအဖေ ဦးလူနီတို့ ရောက်ရှိအခြေချပြီး သူတို့လင်မယားကို ဆက်နေစေကာ အဖိုးက ရွာြပ်တာမို့ ပါတော်မူပြီးစ အဖိုးတို့ရောက်ပြီး အဘတို့ အမေတို့အိုမင်းမစွမ်းချိန်အထိ အိုးပိုင် အိမ်ပိုင်မရှိခဲ့ပါဟု ပြောရပေမည်။
သည်တော့ အမေ အသက်၉၀ကျော်မှ ကျွန်တော်က လယ်ကွင်းပျက်ထဲက သူပေးငါပေး လယ်တော အိမ်ကလေးမှာ ကိုယ်ပိုင်အဖြစ် သူလိုက်နေရတာကို အမေက အပျော်ကြီး ပျော်နေတော့သည်။ အမေ ဘယ်လောက် ပျော်သလဲဆိုလျှင် လာကြသည့် ဆွေမျိုးတွေက “ကျော်ဆန်းအိမ် မရောက်ဖူးလို့ လာလည်တာ” ဟု ဆိုလျှင်ပင် အမေက မတုန့်မဆိုင်းဘဲ “ကျော်ဆန်းအိမ် မဟုတ်ပါဘူးတော့၊ ကျော်ဆန်းတိုက်ပါတော့” ဟု ပြန်ပြောတတ်သည်။ ထိုအခါ အမျိုးများက အမေ့ကို စ ကြ၊ ပြောင် ကြသည်။ “အမယ်လေး၊ အရီးဒေါ်ချောရင်က တိုက်ကြီးနဲ့ နေရလို့ အသားတွေကို ဖြူလို့၊ သဌေးမကြီးဖြစ်နေလိုက်တာ နဂါးဒေါ်ဦးက ရှုံးလောက်တယ်” ဟု ဆိုလျှင် အမေက “အဲ့လောက်လည်း မဟုတ်ပေါင်အေ၊ ကျော်ဆန်းတိုက်မို့ တိုက်လို့ပြောတာကို” ဟု ပြန်ပြောတတ်၏။
အမေက သူ့သားဖက်က ကြွားမယ့်သာ ကြွားတာ။ တကယ်တမ်းကျ သူ့သားကဖြင့် လျှပ်စစ်မီတာလေး တစ်လုံးပင် ချိတ်သွယ်ခွင့် ရအောင် မစွမ်းဆောင်နိုင်ခဲ့။ အိမ်ဝင်းထဲက သစ်ပင်လေးတွေ ရှင်သန်ဖို့အတွက် နုံးစပ်မြေလေး လှည်းတစ်စီးစာပင် မချနိုင်ခဲ့။ အိမ်ရှေ့လမ်းကလေးပေါ် ရေဝပ်ဗွက်မထအောင် ကျောက်ကြမ်းလေးပင် မချနိုင်။ သို့သော် အိမ်ဝင်းထဲမှာ အရှေ့ခြမ်း ကွက်လပ်လေးတွင် စိုက်ထားသည့် ငှက်ပျောပင်တွေက အသီးစားရုံမက အရပ်ထဲသို့ပင် ဝေငှနိုင်လို့ စိတ်ချမ်းသာရသည်။
ဝယ်စဉ်ကတည်းက ပါလာသည့် ဝင်းပေါက်က ကန္တာရပင်လေးကလည်း အသီးတွေ ညို့နေအောင် သီးလို့ ဖောင်တော်ဦးကျောင်းသို့ ကျောင်းတက် ကျောင်းဆင်းတိုင်း အရပ်ထဲက ကလေးတွေအတွက် စားစရာလေးတွေ ဖြစ်နေသည်။ သည်ကြားထဲ မြောက်ဘက်က မျက်နှာဖွင့် ၁၈ပေလောက်လေးကို မြေရှင် ဦးမြမောင်က အိမ်ငှား ထားမည်ဆိုလို့ အန်တီစန်းက အဆင်မပြေတာတွေ ရောက်လာမှာ စိုးသောအခါ သူက ငွေစိုက်ဝယ်ထားပြီး ကျွန်တော်က တစ်သောင်းပေး နှစ်သောင်းပေးနှင့် ယူထားလိုက်လို့ တစ်နှစ်မပြည့်မီမှာပင် မြေဖိုးလေးကျေကာ ထိုနေရာမှာလည်း ငှက်ပျောပင်တွေ စိုက်ထားနိုင်၏။
ဘာပဲပြောပြော ကျွန်တော့်ဝင်းလေးက မျက်နှာပွင့် ၆၈ပေနီးပါး၊ အရှေ့ဘက် ၅၈ပေနှင့် တောင်မြောက် ပေ၅၀ရှိ နေပါပြီ။ သပြေငုတ်လေးတွေကလည်း ဘုရားပန်းအိုးလှိုင်လှိုင် ထိုးနိုင်ပေါ့။ အနောက်တောင်ထောင့် ပိတောက်ပင် ကလည်း သည်နွေမှာ ပိတောက်လှိုင်လှိုင် ပွင့်ပေါ့။ မူလလယ်ပျက်မြေမှာ ပိတ်စွယ်ရိုင်းတောပေါ် မြေကို တစ်ပေနီးပါး ဖိ၍ ဖို့ထားလို့ သစ်ပင်တွေက ထိုပိတ်စွယ်တော အလွှာရောက်လျှင် ရေပုပ်မိပြီး အပင်သေတာကိုပဲ ငွေကလေးစုကာ နုံးစပ်မြေတွေ ကျင်းတူးထည့်ကာ အပင်တွေစိုက်နိုင်လျှင်တော့ သရက်ပင် မာလကာပင် အုန်းပင် ပိန္နဲပင် စွယ်တော် ပိတောက် ကံ့ကော် ဧကရာဇ်တို့ဖြင့် နေချင့်စဖွယ် အိမ်ဝင်းလေး ဖြစ်တော့မည်လေ။ ဤသို့ဖြင့်…။
