တရုတ်ကိုတင်ပို့မယ့် မြန်မာကြက်သွန်နီတွေ ပိတ်မိနေလို့ မြန်မာငွေ သိန်း ၆ ထောင်ကျော် ဆုံးရှုံးနေ

ဒီဇင်ဘာ ၂-၂၀၂၁
Shy V (VOM)
 
မြန်မာနိုင်ငံရဲ့ အရှေ့မြောက်စီးပွားရေး ဇုံ ၁ ခု ဖြစ်တဲ့ မူဆယ်ကုန်သွယ်ရေးဇုန် နယ်စပ်ဂိုဒေါင်တွေမှာ တရုတ်နိုင်ငံကိုတင်ပို့မယ့် မြန်မာ့ကြက်သွန်နီတွေ ပိတ်မိပျက်စီးကုန်လို့ မြန်မာငွေ သိန်း ၆ ထောင်ကျော် ဆုံးရှုံးနေတယ်လို့ မြန်မာကုန်သည်အသိုင်းအဝိုင်းက သိရပါတယ်။
 
“၁၇ တန်ပါတဲ့ကား အစီး ၁၆၀ ကျော်လောက် ပျက်စီးသွားတာ။ ၁ တန်ကို ၁ သိန်း ၈ သောင်း ဝယ်ရတာကို ဂိုဒေါင်တွေမှာ ချပြီးတော့ အချိန်မှီ မပို့နိုင်ဘဲ ပိတ်မိနေလို့ အပင်တွေပေါက်ပြီး ပျက်စီးသွားတာ။ ကားခ‌နဲ့ဆိုရင် ၁ စီးကို သိန်း ၄၀ ကျော် ကုန်ကျတယ်။ ဂိုဒေါင်ခ မပါသေးဘူး၊ မကြာခဏ လှူဒါန်းပေးပေမယ့် အပင် ပေါက်သွားတာတွေနဲ့ ပုပ်ပြီး ပျက်စီးသွားတာတွေရော များနေတယ်၊ ဂိုဒေါင်မှာချပြီးတော့ ၁ အိတ်ချင်းရောင်းတာတွေရော လှူတာရော အများကြီးပေါ့နော်။ အဲဒါတွေကတော့ ခုလောလောဆယ် အဲကြက်သွန်နီတွေက ပုပ်တဲ့ဟာကပုပ်သွားတာပေါ့နော်။” လို့ ကုန်သည် ၁ ဦးက ပြောပါတယ်။
 
ဒါ့အပြင် ဆုံးရှုံးမှုများနေတာကြောင့် အဲဒီဂိုဒေါင်တွေထဲက ကြက်သွန်နီအကောင်းတွေကို ကား လေး၊ငါးစီးစာ ‌ရွေးပြီး ချင်းရွှေဟော်ဘက်ကနေ တရုတ်ဘက်ကို တင်ပို့ဖို့ ကြိုးစားခဲ့ပေမယ့် တင်ပို့ခွင့် မရဘဲ ပြန်လှည့်လာခဲ့ရတာကြောင့် ကားခသာ ကုန်သွားတယ်လို့ နောက်ထပ် ကုန်သည်လုပ်ငန်းရှင် ၁ ဦးက ပြောပါတယ်။
 
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံ တင်ပို့နေတဲ့ ကြက်သွန်နီတွေဟာ အော်ဂဲနစ်ဖြစ်တာကြောင့် တရုတ်နိုင်ငံမှာ စားဖို့ အတွက်မဟုတ်ဘဲ တရုတ်နိုင်ငံကနေ တဆင့် ဗီယက်နမ်နိုင်ငံကို Export ပြန်လုပ်တာဖြစ်တယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။
 
“ကြက်သွန်နီတွေက မြန်မာပြည်ကနေ တရုတ်ပြည်ကို ပို့ဖို့အတွက်။ တရုတ်ပြည်ကတော့ ဒီ ကြက်သွန်နီကို သူတို့ စားတာ မဟုတ်ပါဘူး။ မြန်မာ့ ကြက်သွန်နီက Organic ဖြစ်တဲ့ အတွက်ကြောင့် တရုတ်က သူက သူ့နိုင်ငံကနေ ဖြတ်ပြီးတော့ ဗီယက်နမ်ကို ပြန်ပို့တယ်။ လော်ကိုင်း ဆိုတဲ့မြို့ကို ပို့တယ်။ အဲဒီ လော်ကိုင်းကနေပြီးတော့ ဟိုချီမင်းကို ၄ နာရီ လောက်ပဲ ကားမောင်းရတယ်။ အဲဒီကို ပြန်ပို့တာ။” လို့ ကုန်သည်တဦးက ပြောပါတယ်။
 
တရုတ်နိုင်ငံဘက်က မြန်မာဘက်ကို ဆေးဝါးနဲ့ကျန်းမာရေးပစ္စည်းတွေ တင်သွင်းခွင့်ကလွဲလို့ ကိုဗစ်ကပ်ရောဂါ အကြောင်းပြချက်နဲ့ ကျင်းစန်းကျော့ဂိတ်ကို ဇူလိုင်လ ၈ ရက်နေ့ကစ အကန့်အသတ်မရှိ ပိတ်ခဲ့ပြီး ချင်း‌ရွှေဟော်ဂိတ်ကို‌တော့ အောက်တိုဘာလ ၆ ရက်နေ့ကစ ပိတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
အဲ့ဒီလိုပ်ိတ်လိုက်တာကြောင့် နှစ်နိုင်ငံကုန်သွယ်မှု ၁၀၀ ရာခိုင်နှုန်း ရပ်တန့်သလို့ဖြစ်သွားခဲ့ပြီး နိုဝင်ဘာ၂၆ ရက်နေ့မှာ အဲဒီ ဂိတ် ၂ ဂိတ်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် တင်ပို့၊ တင်သွင်းကုန်တွေကို ကန့်သတ်ထားတာလည်း ဖြစ်တယ်လို့ သိရပါတယ်။
 
Photo – မြန်မာလုပ်ငန်းရှင် ၁ ဦး
#voiceofmyanmar #VOM #မူဆယ#ကြက်သွန်နီ #သိန်းခြောက်ထောင်ကျော်ဆုံးရှုံး

Related posts

Leave a Comment

VOM News

FREE
VIEW