ရန်ကုန်ရှိ မြို့နယ်အချို့က ကားလမ်းဘေး ကျူးကျော်ဆိုင်တွေကို ဖျက်သိမ်း

ရန်ကုန်၊ဒီဇင်ဘာ ၂-၂၀၂၁
KK(VOM)
 
ရန်ကုန်အတွင်းရှိ မြို့နယ်အချို့က စည်ပင်သာယာနယ်နမိတ်အတွင်းမှာရှိနေတဲ့ ကားလမ်းဘေးတလျှောက် ကျူးကျော်ဆိုင်တွေကို မနေ့ဒီဇင်ဘာ ၁ ရက်မှစတင်ကာ စတင်ဖျက်သိမ်းမှုတွေပြုလုပ်နေတယ်လို့ ဖျက်သိမ်းခံရတဲ့မြို့နယ်တွေဆီက သိရပါတယ်။
 
မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်းဆုံက ဆိုင်ရှင်တစ်ဦးက “မနေ့ကပဲ စဖျက်တာပါ အကုန်ဖျက်တာ စစ်တပ်ရော ရဲရော အင်အားမနည်းဘူး၊ မဖျက်လို့မရဘူး အကုန်လုံးကို စောင့်ကြည့်နေတာ”လို့ ပြောပါတယ်။
 
မြောက်ဥက္ကလာမြို့နယ်အတွင်းရှိ ကားလမ်းကြီးရဲ့လမ်းဘေးဝဲယာမှာရှိနေတဲ့ ဆိုင်တွေကို နိုဝင်ဘာ ၁၉ ရက်က စတင်ပြီး ၁၄ ရက်အတွင်းဖျက်သိမ်းပေးဖို့ မြို့နယ်ထွေ/အုပ်က စာထုတ်ပြန်ခဲ့ပြီး ဆိုင်ရှင်တွေက သိရှိ ကြောင်း လက်မှတ်ထိုးပေးရတယ်လို့ ရွှေပေါက်ကံက
ဆိုင်ရှင်တဦးက ပြောပါတယ်။
 
“ကိုယ့်ဘာသာကိုယ်ဖျက်မလား သူတို့ဖျက်ရင်တော့ဖျက်ခဆိုပြီးပေးရတယ် ဒီနေ့နောက်ဆုံးဖျက်ပေးရတာ၊ လမ်းဘေးကဆိုင်တွေအကုန်လုံးပဲ “လို့ သူကပြောပါတယ်။
 
တောင်ဒဂုံမြို့နယ်မှာတော့ စစ်တပ်၊ရဲတွေနဲ့ ထွေ/အုပ်၊ရပ်/ကျေးအုပ်ချုပ်ရေးပိုင်းဆိုင်ရာအဖွဲ့အစည်းတွေနဲ့ဖျက်သိမ်းတာဖြစ်တယ်လို့ ၂၂ရပ်ကွက်နေသူတဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့လတွေကလည်း လှိုင်သာယာ၊ရွှေပြည်သာ၊ တွံတေး၊ကော့မှူး၊ သန်လျှင်နဲ့ဒဂုံဆိပ်ကမ်းမြို့နယ်တွေက ကားလမ်းဘေးရဲ့လမ်းဘေးဝဲယာ ကျူးကျော်တွေကို ဖျက်သိမ်းခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #ကျူးကျော်ဆိုင်တွေ #ဖျက်သိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW