မြန်မာနိုင်ငံက ကလေးငယ်ငါးသန်းကျော် အသက်ကယ်အကူအညီတွေ လိုအပ်လာနိုင်တယ်လို့ ကုလ သတိပေး

၀ါရှင်တန်၊ ဒီဇင်ဘာ-၃-၂၀၂၁
မျိုးဆက်(VOM)
 
မြန်မာနိုင်ငံက ကလေးငယ် ငါးသန်းကျော်ဟာ လာမယ့်နှစ်မှာ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်လာနိုင်တယ်လို့ ဒီဇင်ဘာ ၂ ရက်မှာထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ စိစစ်တွေ့ရှိချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
ဒါဟာ ကလေးငယ်သုံးဦးမှာ တဦးနှုန်းနဲ့ ညီမျှနေပြီး အကူအညီအပေးရေးအဖွဲ့တွေရဲ့ ထောက်ပံ့မှုတွေ အရေးတကြီးလိုအပ်နေတယ်လို့ Save the Children အဖွဲ့က ပြောပါတယ်။
 
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အချက်အလက်သစ်တွေအရ မြန်မာနိုင်ငံ လူဦးရေ ၅၄ သန်းအနက် ၁၄ သန်းကျော်ဟာ လာမယ့်နှစ်မှာ အရေးပေါ်အကူအညီတွေလိုအပ်မယ်လို့ ခန့်မှန်းထားပြီး ဒါဟာ ယခင်နှစ်ကထက် တသန်းကျော် ပိုနေပါတယ်။
 
ကမ္ဘာတ၀န်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အလိုအပ်ဆုံးနိုင်ငံ ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံပါ၀င်နေပြီး လာမယ့်နှစ်မှာ အကူအညီလိုအပ်သူ ၂၇ သန်းရှိမယ်လို့ ခန့်မှန်းထားတဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအပါအ၀င် နိုင်ငံလေးနိုင်ငံရဲ့နောက်မှာ ရပ်တည်နေပါတယ်။
 
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေဖြစ်လက်ဖြစ်ပွားနေပြီး နိုင်ငံရေးနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေအပြင် ကပ်ရောဂါကူးစက်မှုတွေဟာ ကလေးငယ်တွေအပေါ် လွန်စွာသက်ရောက်မှုရှိနေပြီး ကျန်းမာရေးနဲ့ ပညာရေးရယူခွင့်တို့မှာ လွန်စွာအကန့်အသတ်ရှိနေကာ သန်းနဲ့ချီတဲ့ကလေးငယ်တွေဟာ အငတ်ဘေးဆိုက်နိုင်တယ်လို့ Save the Children အဖွဲ့က ဆိုပါတယ်။
 
ဖေဖော်ဝါရီလကစပြီး ကလေးငယ် ၈၇၀၀၀ နီးပါးအပါအ၀င် လူဦးရေ ၂၃၄၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အများစုဟာ အစားအစာနဲ့ ဆေးဝါးလုံလောက်မှုမရှိဘဲ တောထဲမှာ ယာယီတဲတွေနဲ့ နေထိုင်နေကြရကာ အကူအညီပေးရေးအဖွဲ့တွေရဲ့ လုပ်ဆောင်မှုမှာလည်း အကန့်အသတ်နဲ့ ရှိနေတယ်လို့ Save the Children အဖွဲ့က သတိပေးထားပါတယ်။
 
Ref:UNOCHA
Photo:AP
 
#voiceofmyanmar #VOM #UNOCHA

Related posts

Leave a Comment

VOM News

FREE
VIEW