နွားထိုးကြီးက ရပ်ကျေးအုပ်ချုပ်ရေးမှူးအိမ် ပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူးအပါအဝင် ၄ ယောက်သေဆုံး

ဒီဇင်ဘာ ၇-၂၀၂၁
GH (VOM )
 
နွားထိုးကြီးမြို့နယ် ၊ လက်ဝဲမြင်းနီကျေးရွာက အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းနေအိမ် ပစ်ခတ်တိုက်ခိုက်ခံရပြီး အုပ်ချပ်ရေးမှူးအပါအဝင် ၄ ယောက်သေဆုံးခဲ့တယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။
 
ဒီဇင်ဘာ ၅ ရက်နေ့က လက်ဝဲမြင်းနီကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်မှာ အစည်းအဝေးလုပ်နေချိန် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း၊ တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း၊ သားဖြစ်သူ မောင်ဝေမင်းသူ၊ ချွေးမဖြစ်သူ မခိုင်စိုးရည်နဲ့ ဦးဟန်ဝင်းတို့ ၄ ဦး နေအိမ်အတွင်းမှာ မီးလောင်သေဆုံးခဲ့သလို၊ အုပ်ချုပ်ရေးမှူး ဇနီးဖြစ်သူ ဒေါ်သန်းသန်းဆင့်နဲ့ သားဖြစ်သူ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။
 
” တနေ့က ဖြစ်တာပေါ့။သေနတ်တွေနဲ့လာပစ်တယ်။အိမ်ကိုလည်း မီးရှို့သွားတယ်။အုပ်ကြီးက အဲ့နေ့က သူတို့အချင်းချင်းတွေ့ဆုံပြီး အစည်းဝေးသဘောလုပ်နေချိန် ဆိုင်ကယ်တွေနဲ့လာပြီး အပစ်ခံရတာ။ အုပ်ကြီးအပါ ၄ ယောက်သေတယ်။ အုပ်ကြီးမိန်းမက ညာဘက်ပေါင် သေနတ်မှန်ဒဏ်ရာရတယ်။ သားက ဘယ်ဘက်လက်မောင်း သေနတ်မှန်သွားတယ် ။ ရွာအခြေအနေကတော့ တင်းကြပ်ထားတယ် ” လို့ ကျေးရွာဒေသခံတဦးကပြောပါတယ်။
 
လက်ရှိ လက်ဝဲမြင်းနီကျေးရွာမှာတော့ စစ်သားတွေ ရောက်ရှိနေပြီး စစ်ဆေးမှုတွေတင်းကြပ်ထားသလို ရွာအဝင်အထွက်ကိုလည်း တင်းကြပ်တဲ့အနေအထားရှိတယ်လို့သိရပါတယ်။
 
အုပ်ချုပ်ရေးမှူးနေအိမ် တိုက်ခိုက်ခံရမှုကို 27 Revolution Forces နဲ့ Natogyi Regional PDFတို့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း၊ အပြစ်မဲ့ရွာသားတွေကို မဟုတ်မမှန်သတင်းများနဲ့တိုင်ကြားကာ ဝင်ရောက် ဖမ်းဆီးခိုင်းစေခြင်းတွေ လုပ်နေကြောင်း တိကျစွာ ထောက်လှမ်းမိတဲ့အတွက် အခုလိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။
 
စက်တင်ဘာလထဲမှာလည်း လက်ဝဲရွာက မိုင်တယ်လ်တာဝါတိုင် မိုင်းခွဲခံရတဲ့ဖြစ်စဉ်လည်း ရှိခဲ့တယ်လို့သိရပါတယ်။
 
#voiceofmyanmar #VOM #နွားထိုးကြီး #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW