မန္တလေးအလှူ

————————–

ဆူးငှက်

မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေအတွက် သားယောက်ျားလေးအရွယ်ရောက်လာရင် မြတ်စွာဘုရားသာသနာအတွင်း သွတ်သွင်းရှင်ပြုကာ သမီးမိန်းကလေးကိုလည်း နားသမင်္ဂလာဆင်ယင်ပြီး ဘုရားအမှူးပြုသော သံဃာတော်အရှင်မြတ်တို့ကို လှူဖွယ်ဝတ္ထုအစုစုတို့ လှူဒါန်းခြင်းဖြင့် ကုသိုလ်ပြုတယ်။ ဒါကို လှူတယ်။ အလှူပြုလုပ်တယ်။ အလှူတော်မင်္ဂလာလို့ သုံးနှုန်းကြပါတယ်။ သာမဏေရပဗ္ဗဇ္ဇမြောက် ချီးမြောက်ခြင်း၊ ကဏ္ဍဝိဇ္ဈန မြတ်နားသမင်္ဂလာဆင်ယင်ခြင်းအလှူတော်လို့ ခေါ်ပါတယ်။ ဒီအလှူကိုဖိတ်ကြားတဲ့အခါ ‘တရားပရိတ်တော် အတူတကွ နာယူကြည်ညိုနိုင်ပါရန် လေးမြတ်စွာဖိတ်ကြားအပ်ပါသည်’လို့ ဖိတ်စာမှာရေးသားလေ့ရှိပါတယ်။

မန္တလေးမှာအလှူတွေကို ရှေးက မဏ္ဍပ်ကြီးတွေထိုးပြီး တခမ်းတနားကျင်းပလေ့ရှိတယ်။ ပန်းဆယ်မျိုးလက်မှုအနုပညာထွန်းကားတဲ့ မန္တလေးမှာ လက်ဝါအတတ်ပညာလို့ ခေါ်ဝေါ်တဲ့ စပ်ပန်းချီပညာလည်း ထွန်းကားတယ်။ ရှေးကတော့ ပန်းချီဆရာမှန်သမျှ စပ်ပန်းချီနဲ့ မကင်းနိုင်ကြဘူး။
ပန်းချီပညာကိုစတင်သင်ကြားရင် စပ်ပန်းချီဆရာဆီ အရင်လေ့လာသင်ယူကြရတယ်။ စပ်ပန်းချီဆရာက သုမင်္ဂလ၊ ဒုမင်္ဂလ နှစ်မျိုးစလုံးမှာ မဏ္ဍပ်အထည်သာမက ဗုဒ္ဓဝင်၊ နိပတ်တော်၊ ငါးရာ့ငါးဆယ်၊ ဇာတ်ကြီးဆယ်ဘွဲ့ စတဲ့ပန်းချီကားတွေနဲ့လည်း လက်စွမ်းပြလေ့ရှိတယ်။

မန္တလေးမှာနာမည်ကျော် စပ်ပန်းချီ ဆရာကြီးတွေရှိတယ်။ သူတို့ရဲ့ စပ်ပန်းချီလုပ်ငန်းတွေကနေ အလှူမဏ္ဍပ်ကြီးတွေ ငှားရမ်းနိုင်သလို တတ်နိုင်ရင် အသစ်လည်း အပ်နိုင်တယ်။ ကိုယ့်အလှူမှာ ကိုယ့်စိတ်ကူးနဲ့ ဖြစ်ချင်တဲ့မဏ္ဍပ်ပုံစံအသစ် အပ်နှံတာမျိုးတွေလည်းရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်၄၀လောက်က မန္တလေးမြို့လယ်က အလှူကြီးမှာ ပုဂံအနန္ဒာမုခ်ဦးပုံမဏ္ဍပ်အသစ်ကြီးကိုတွေ့ဖူးတယ်။

အဲဒီနှစ်တွေကပဲ မန္တလေးကနာမည်ကျော် တိုင်းရင်းဆေးတိုက်ကြီးကအလှူမှာလည်း မဏ္ဍပ်ကြီးတစ်ခုလုံး ဒေါင်းရုပ်တွေနဲ့ချည်း အသစ်ဆင်တယ်။ အလှူမတိုင်ခင် တစ်ပတ်လောက်ကတည်းက အလှူအိမ်ရှေ့မှာ မဏ္ဍပ်စထိုးပါပြီ။ မဏ္ဍပ်အများစုက ရတနာပုံခေတ် မြနန်းစံကျော်ရွှေနန်းတော်ကြီး အဆောင်အယောင်ပုံစံတွေပါပဲ။ မုခ်ဦးပေါ်မှာ ဘုံခုနစ်ဆင့်ပြာသာဒ်ပေါက် ထားပါတယ်။ မဏ္ဍပ်ဦးခန်းမှာ ဘုရားဆောင်ထားရှိတယ်။ ပြီးရင် သံဃာစင်နဲ့ မောင်ရှင်လောင်းစင် နားသစင်ပါရှိတယ်။ မဏ္ဍပ်ထဲမှာတော့ စားပွဲကုလားထိုင် မထားဘဲ ခန်းလုံးပြည့် ကော်ဇောတွေခင်းထားပါတယ်။ မဏ္ဍပ်အဝင်မုခ်ဦးအောက်မှာတော့ ဆက်တီခုံပုလေးတွေ တစ်ဖက်တစ်ချက် တန်းစီထားပြီး လုံမငယ်လေးတွေထိုင်ကာ အလှူလာ
ပရိသတ်ကို အောင်သပြေပန်းလေးတွေ ကမ်းတယ်။

တကယ်တော့ အလှူမဏ္ဍပ်ဆိုတာ အလှူကာလအတွင်း မြတ်စွာဘုရားရှင် သီတင်းသုံးဖို့ တည်ဆောက်လှူဒါန်းထားတဲ့ ရွှေကျောင်းတော်ကြီးအလားသဏ္ဍာန်ပါပဲ။ ဒါကြောင့် မဏ္ဍပ်ကြီးပြီးတာနဲ့ ဘုရားဆင်းတုတော်တစ်ဆူကို ပင့်ဆောင်ပြီး မဏ္ဍပ်ဘုရားဆောင်မှာ သီတင်းသုံးပူဇော်ထားရှိပါတော့တယ်။ အလှူမဏ္ဍပ်ကြီးမှာ ဘုရားဆင်းတုတော် သီတင်းသုံးကတည်းက အလှူရှင်က ဧည့်ခံကျွေးမွေးနေပါပြီ။ ညစဉ်ညတိုင်း ရပ်မိရပ်ဖတွေ၊ ကာလသားတွေ၊ အပျိုတွေ စုဝေးရောက်ရှိလာကြပြီး အလှူနေ့အတွက် ချက်ပြုတ်ဧည့်ခံရေးက အစ ဝိုင်းဝန်းကူညီရမှာတွေ အားလုံးညှိနှိုင်းတိုင်ပင် တာဝန်ခွဲဝေကြပါပြီ။ အလှူမတိုင်မီရက်တွေကတော့ တစ်ရပ်ကွက်လုံးဟာ အလှူရဲ့ဝယျာဝစ္စအတွက် အိမ်ရှိလူကုန် အလှူအိမ်မှာပဲ ဝိုင်းဝန်းကြတာပါ။ အလှူအိမ်ကလည်း လာသမျှလူအားလုံးကို ထမင်းရည်ချောင်းစီး ကျွေးမွေးပါတယ်။ တစ်ရပ်ကွက်လုံးမီးခိုးတိတ်ပါပဲ။

အလှူဝင်နေ့မှာ မွန်းတိမ်းတာနဲ့ ဧည့်ခံမယ့် ဆိုင်းအဖွဲ့ ရောက်လာပါပြီ။ မဏ္ဍပ်ရှေ့ ပေ၂၀၀လောက်အကွာမှာ ဆိုင်းအဖွဲ့အတွက် လေးတိုင်နှင်းစင်လေး သပ်သပ်ရပ်ရပ် ထိုးထားတယ်။ ဆိုင်းအဖွဲ့က နှင်းစင်အောက်မှာဗိမာန်ကို ဆင်ပါတယ်။ အလှူဝင်ညအတွက် လာသမျှပရိသတ်အားလုံးအတွက် ဆိုင်းအဖွဲ့က တီးမှုတ်ဖျော်ဖြေဧည့်ခံမှာမို့ နောက်ရက် အလှူကြီးနေ့အတွက် မဏ္ဍပ်အတွင်းပြင်ဆင်ထားတာတွေ ဆိုင်းနားထောင်ပရိသတ်ကြောင့် ပျက်စီးကုန်မှာစိုးလို့ အခုလိုမဏ္ဍပ်အပြင်မှာပဲ ဆိုင်းဧည့်ခံစတာပါ။

ဒီအစဉ်အလာဟာ ရွာစားကြီးစိန်ဗေဒါတို့ လက်ထက်ကတည်းကပါပဲ။ ဆိုင်းအဖွဲ့ကနှင်းစင်အောက်ပြင်ဆင်ပြီးတာနဲ့ ညနေစောင်းမှာ အလှူမှာဆိုင်းအဖွဲ့ရောက်ပါပြီဆိုတာ ကြားကြားသမျှ အသိပေးတဲ့အနေနဲ့ ဗျာရိုက်ပါတော့တယ်။ ကြေးနောင်မောင်းဆိုင်း ဒိုးချောင်ကြီးပလုတ်တုတ် အုပ်စုံနဲ့ မောင်းကြီးထုပြီး တီးမှုတ်တဲ့ ဗျာသံပါ။ အလှူအဖွင့်အဖြစ် တက်ကြွကြည်နူးဖွယ်အသံတွေ စတင်ကြားလိုက်တော့ ဝမ်းသာမျက်ရည် လည်ရပြီပေါ့လေ။

မန္တလေးဆိုတာ အနုပညာတွေ ပျော်ဝင်နေတဲ့မြို့မို့ ရပ်ကွက်အတော်များများမှာ ဆွမ်းကြီးခံတီးဝိုင်းလေးတွေရှိတယ်။ အတော်အသင့် တီးတတ်မှုတ်တတ်ကြတယ်။ ဒီလိုရပ်ကွက်မျိုးမှာ အလှူရှိလို့ ဆိုင်းအဖွဲ့ရောက်လာပြီဆိုရင် ဆိုင်းလည်းဆင်ပြီး ညနေစောင်း ဆိုင်းတစ်ဖွဲ့လုံး ကျွေးရုံမှာထမင်းစားနေချိန် ရပ်ကွက်ခံ လူငယ်လေးတွေက ဆိုင်းထဲဝင်ပြီး ကိုယ်တိုင်ဗျောရိုက်ကြသတဲ့။ ဒါကို အရပ်သားတီးလုံးခေါ်တယ်။ အလှူဝင်ညမှာ ဆိုင်းဧည့်ခံချိန်ရောက်တော့ ဆိုင်းဝိုင်းက ဖန်ပန်းတောင်းကြီးတွေမှာလည်း မီးလုံးတွေ ထွန်းညှိလို့..။ ပတ်မထမ်း ပဉ္စရူပရုပ်မှာလည်း မီးဆိုင်းတွေဆင်ထားတယ်။ ဖန်ရောင် မှန်ရောင်တွေ ပြိုးပြက်လင်းလက်နေတဲ့ ဆိုင်းဝိုင်းမျက်နှာမူရာ ခပ်လှမ်းလှမ်းမှာ တာဝတိံသာက နတ်ဘုံနတ်နန်အးလား မဏ္ဍပ်ကြီးက ရွှေတောင်ပေါက်သည့်အလား မီးလုံးမီးဆိုင်းရောင်စုံနဲ့ ဟည်းထနေတယ်။ မဏ္ဍပ်ရှေ့မှာ နတ်သားရုပ်လုံးတွေနဲ့ ဥယျာဉ်ဆင်ထားတယ်။ မဏ္ဍပ်ထဲမှာ မြို့မျက်နှာဖုံးသူဌေးသူကြွယ်များနဲ့ အရာရှိကြီးများစတဲ့ အထူးဧည့်သည်တွေကို အလှူရှင်က ဧည့်ခံကျွေးမွေးနေတယ်။
မနက်အလှူမှာ တာဝန်ဝတ္တရားတွေ ကိုယ်စီနဲ့မို့ အလှူဝင်ညမှာ ကြိုလာလေ့ရှိတဲ့ ဧည့်သည်တွေပါ။ အလှူဝင်ည မဏ္ဍပ်ထဲမှာ မြို့မတူရိယာအသင်းက ဧည့်ခံနေတယ်။ ဒီလိုအချိန်မှပဲ မြို့မိမြို့ဖတွေက မြို့မကို စိမ်ပြေနပြေနားဆင်နိုင်တယ်။ အသင်းက နာယကကြီးတွေ အမှုဆောင်တွေနဲ့ အသင်းနဲ့ပတ်သက်တာတွေ ဆွေးနွေးနိုင်တယ်။ တီးလုံးတီးကွက်ကိစ္စ သီချင်းကိစ္စတွေ ပြောဆိုအကြံဉာဏ်ပေးနိုင်တယ်။

ရှေးက မန္တလေးမြို့မိမြို့ဖတွေဆိုတာ ဂီတနဲ့ကင်းသူ မြို့မနဲ့ ကင်းတဲ့သူခပ်ရှားရှားရယ်ပါ။ မန္တလေးက မြို့မိမြို့ဖ မျက်နှာကြီးသူဌေး ဓားတန်းဦးသန့်နှင့် ဒေါ်အေးမြင့်တို့မှာ သားသမီးကိုးယောက် ထွန်းကားခဲ့ပါတယ်။ သားသမီးတွေ အရွယ်ရောက်လာတော့ မိဘဝတ္တရားရှိသည်နှင့်အညီ
သားယောက်ျားလေးတွေကို သာမဏေဘောင် သွပ်သွင်းပြီး သမီးတွေကို နားသမင်္ဂလာဆင်ယင်ပေးဖို့ ဝတ္တရားရှိလာပြီပေါ့။

ဒီတော့ ၁၉၄၂ခုနှစ်ဝန်းကျင်ကာလမှာ ကနဦးမွေးဖွားတဲ့ သားကြီးသမီးကြီး ၅ယောက်ကို ရှင်ပြုနားသအလှူပေးဖို့ စီစဉ်ပါသတဲ့။ လှူဖွယ်ပစ္စည်းတွေလည်း ဝယ်ခြမ်းပြီးပါပြီ။ အလှူဖိတ်စာလည်း ရိုက်ပြီးပါပြီ။ ဒီတင် ဒုတိယကမ္ဘာစစ်မီးက ရုတ်ခြည်းရောက်လာလို့ အလှူပစ္စည်းတွေကို ခေမာသီဝံကျောင်းတိုက်ထဲအပ်ပြီး စစ်ပြေးလိုက်ကြရပါသတဲ့။ စစ်ကြီးအတွင်း ကျောင်းတိုက်မီးရှို့ခံရလို့ ပစ္စည်းတွေလည်း ဆုံးရံှုးပြီး မလှူလိုက်ရပါဘူးတဲ့။ ဒါပေမယ့် ဓားတန်းဦးသန့်ဆိုတာ မြို့မ စတင်တည်ထောင်သူမှာ တစ်ဦးအပါအဝင်ဖြစ်လေတော့ အလှူမှာ မြို့မက ဧည့်ခံသီဆိုတီးမှုတ်ဖို့ သီချင်းတစ်ပုဒ် မြို့မငြိမ်းကိုယ်တိုင် စပ်ထားတိုက်ထားပြီးပါပြီတဲ့။ ဒီသီချင်းက ပါရမီတော်ဆိုတဲ့ သီချင်းပဲဖြစ်ပါတယ်။

စစ်ကြီးပြီးသွားတဲ့အချိန် အားလုံးအခြေတကျဖြစ်တဲ့ ၁၉၄၆ခုနှစ်ရောက်မှ မူလစီစဉ်ထားတဲ့အလှူကို နေအိမ်တည်ရှိရာ ဓားတန်းဝင်းထဲမှာ ကျင်းပဖြစ်ပါတော့သတဲ့။ သားကြီးသမီးကြီးတွေဖြစ်တဲ့ ညွန့်ညွန့်၊ ကိုကိုကြီး၊ ရီရီ၊ မောင်သန်းတင်(မောင်သန်းထွဋ်)၊ မောင်ကျော်ညွန့်တို့နှင့်အတူ အလှူ့ဒကာနဲ့ ညီအစ်ကိုဝမ်းကွဲ ဆီဦးသိန်းဒေါ်အာယားတို့ရဲ့ သားသမီးတွေဖြစ်တဲ့ မကြင်သန်းနဲ့ မောင်ကျော်ညွန့်ကြီးတို့လည်း အလှူမှာ ရှင်လောင်းနားရံများအဖြစ် ပါဝင်ခဲ့ကြပါတယ်။ ဒီအလှူကြီးမှာ မြို့မငြိမ်းရဲ့ ပါရမီတော်သီချင်းကို ခံ့ညားစွာ တီးမှုတ်သီဆို ဧည့်ခံခဲ့ပါတယ်။

နောက် ၁၉၅၄ခုနှစ်ရောက်တော့ ဓားတန်းဦးသန့်နှင့်ဒေါ်အေးမြင့်တို့ကပဲ သားငယ်သမီးငယ်တွေကို အလှူကြီးပေးပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ မောင်မြင့်သိန်း၊ ကြည်ကြည်၊ စန်းစန်း၊ နွယ်နွယ်တို့က ရှင်လောင်းနဲ့ နားသတွေပါ။ ဒီအလှူမှာလည်း မြို့မကဧည့်ခံရမှာမို့ မြို့မငြိမ်းက အလှူနဲ့စပ်ဆိုင်ရာ သီချင်း၂ပုဒ်ရေးစပ်ဒါနပြုခဲ့ပြန်ပါတယ်။ ဆရာငြိမ်းက
သူ့သီချင်း၂ပုဒ်ကို အလှူ – ၁ ၊ အလှူ – ၂ လို့ မှတ်သားခဲ့ပါတယ်။

အလှူ -၁ ဆိုတာ အခုအခါ အလှူပွဲတိုင်း မပါမဖြစ် ‘မိဘတို့မှာချီးမြှင့်အပ်ပါသော ပုတ္တဒါရသ၊ သင်္ဂဟောမင်္ဂလာ၊ အာမိသာနုဂ္ဂဟဓမ္မာနုဂ္ဂဟဟောတော်မူရာ၊ ဒါယကာဘုရားသာသနာအမွေခံယူကာ’ အစချီတဲ့ သီချင်းဖြစ်ပါတယ်။ အလှူ – ၂ ကတော့ ‘ ဗုဒ္ဓုပါဒ ကြုံခဲကြုံရ ဒုလ္လဘအခါမှာ၊ လွတ်မြောက်ပါလိုကြောင်းရည် ကျင်လည်ကြရ သြဃလေးဖြာ၊ မဂ္ဂင်ဖောင်ပျံကူးခတ် အမတကမ်းယံဦးကပ်ခြင်းငှာ၊ ရှင်ပင်ရိုက်ရောင်းလျက် သာမဏေဘောင်သွင်းရွက်ဆောင်စေတာ’ အစချီတဲ့ သီချင်းဖြစ်ပါတယ်။

တစ်ချိန်က မန္တလေးအလှူတွေမှာ ဒါနကုသိုလ် ပါဝင်ခဲ့ကြတယ်ဆိုရာမှာ
ရုပ်ဝတ္ထုပစ္စည်းသာမဟုတ်ဘဲ အနုပညာနဲ့ ကုသိုလ်ပါဝင်ခဲ့မှုဟာ နောင်လာနောက်သားအထိ တိမ်းညွတ် အကျိုးရှိစေတဲ့ လူသာဓုခေါ် နတ်သာဓုခေါ် ဒါနပစ္စည်းတွေပဲမဟုတ်ပါလား။

အလှူ – ၁ (မြို့မငြိမ်း)

– မိဘတို့မှာ ချီးမြှင့်အပ်ပါသော ပုတ္တဒါရသ သင်္ဂဟောမင်္ဂလာ
အာမိသာနုဂ္ဂဟာ ဓမ္မာနုဂ္ဂဟ ဟောတော်မူရာ
ဒါယကာ ဘုရားသာသနာ အမွေခံယူကာ၊
– သာမဏေရ ပဗ္ဗဇ္ဇမြောက် ချီးမြှောက်မည် သားသည်းချာ
ရှုမငြီး သမီးရတနာ ကဏ္ဏဝိဇ္ဈန နားသမင်္ဂလာ
သာမဏ ပရိဘောဂ ဒယျဓမ္မ ဒါတဗ္ဗ လှူကာ
အနုဂါမိက ဥစ္စာ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင်ပါ၊
– တရားပရိတ်တော် အတူတကွ နာပါကြမည် လေးမြတ်လှစွာ
ဤကောင်းမှုပြုရ အကျိုးငှာ အာသဝေါတရားတို့ ကင်းရာ ကုန်ရာ
နိဗ္ဗာန်ကို ရွက်ဆောင်နိုင်သည် ဖြစ်စေလိုပါ
အယံဝသုန္ဒြီ မဟာပထဝီ သိသည်အဖြစ်တည်ရာ၊
– သာမဏေရ ပဗ္ဗဇ္ဇမြောက် ချီးမြှောက်မည် သားသည်းချာ
ရှုမငြီး သမီးရတနာ ကဏ္ဏဝိဇ္ဈန နားသမင်္ဂလာ
သာမဏ ပရိဘောဂ ဒယျဓမ္မ ဒါတဗ္ဗ လှူကာ
အနုဂါမိက ဥစ္စာ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင်ပါ။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး #မန္တလေးအလှူ

Related posts

Leave a Comment

VOM News

FREE
VIEW