မလွန်စူပါမတ်ကက်

ဆူးငှက်

မန္တလေးမြို့သစ် နန်းသစ်တည်ကတည်းက ခုနှစ်ဌာနအပါအဝင် မြို့ပြမြေယာတွင် ဈေးများလည်းပါရှိခဲ့သည်။ ဈေးသည် တိုင်းပြည်၏် ဝမ်းစာဖြစ်သည်။ တိုင်းပြည်စီးပွားရေး၏ ပြဒါးတိုင်ဖြစ်သည်။ ထို့ကြောင့် မန္တလေးရတနာပုံ၏ ရွှေမြို့တော်တည်ဆောက်သောအခါ ဈေးများကို စနစ်တကျနေရာချခဲ့သည်။

မန္တလေးအနောက်ပြင် ကျယ်ဝန်းသောနေရာတွင် လက်ကားဈေးကြီးတစ်ဈေးဖြစ်သော “မလွန်ဈေး”ရှိသည်။ ရေလမ်းခရီးဖြင့်ရောက်ရှိလာမည့် ကုန်ပစ္စည်းများအတွက် ဧရာဝတီနှင့်လည်း နီးသည်။ ရှမ်းပြည်နယ်မှ ဆင်းလာမည့် တောင်ပေါ်ကုန်များအတွက် ရှမ်းကုန်သည်များ စတည်းချရာ ရှမ်းပွဲရပ်၊ ဒေးဝန်းရပ်နှင့်လည်း နီးသည်။ မတ္တရာနယ်တဝိုက်မှ ထွက်ရှိသော ကွမ်း၊ကွမ်းရွက်နှင့် သစ်သီးသစ်နှံများဝင်ရောက်လာရာ ရွှေတချောင်းရေရှင်မြောင်းနှင့်လည်း အရှေ့နှင့်အနောက် ကပ်လျက်ဖြစ်သည်။

မလွန်ဈေးက (ယခု) ၃၁လမ်းနှင့် ၃၄လမ်းကြား တောင်မြောက်ရှည်၍ အရှေ့အနောက်အနေနှင့်မူ ၈၅လမ်းမှ ၈၆လမ်းကြား တစ်ပြကျယ်သည်။ ပြအနေနှင့်တွက်ပါမူ တောင်မြောက် ပေ၂ဝဝဝ နီးပါးရှည်၍ အရှေ့အနောက်၊ ပေ ၆ဝဝ နီးပါးကျယ်သည့် ဈေးကြီးဖြစ်သည်။ ဈေးကြီးဖွဲ့စည်းပုံတွင် သူ့ကုန်ပစ္စည်း အမျိုးအစားလိုက် တူရာစုကာ တစ်ထပ်မျှရှိသော လုံခြုံသည့်အဆောက်အဦးများနှင့်လည်း ရောင်းချရသည်။

မြောက်မှစ၍ အရှေ့အနောက် ၃၁လမ်းကို မလွန်ဈေးတွင် မြောက်ယွန်းတန်းဟုခေါ်သည်။ ထို့နောက် တောင်ဘက်တစ်ပြ ၃၂လမ်းကို တောင်ယွန်းတန်းဟုခေါ်တွင်ပြီး ထိုနှစ်လမ်းအကြား တစ်ပြအရှည်တွင် တောင်မြောက်ဒိုးလျှိုပေါက် အနောက်မှစ၍ အိုးတန်း၊ ခဲလန်တန်း၊ ငါးပိတန်း၊ ထန်းလျက်တန်း၊ ထုံးတန်းဟူ၍ ရှိသည်။ ဈေးတန်းများအကြား လှည်းနှစ်စီးရှောင်နိုင်သည့်လမ်း ရှိသည်။ ဤပုံစံအတိုင်း ၃၂လမ်း၊ တောင်ယွန်းတန်းနှင့် ၃၃လမ်း ကျောက်စိမ်းတန်းအကြားတွင် ကြက်သွန်တန်း၊ ချင်းတန်း၊ ငါးပိတန်း၊ ဆားတန်း၊ ကွမ်းသီးတန်းဟူ၍ လည်းကောင်း၊ ၃၃လမ်း ကျောက်စိမ်းတန်းနှင့် ၃၄လမ်း ညောင်ဇင်တန်း အကြားတွင် နီပါးတန်း၊ ပွတ်တန်း၊ ဆေးရိုးဝင်းဟူ၍ သူ့ပစ္စည်းသူ့အတန်းနှင့်သူ လမ်းများခြား၍ စနစ်တကျ တည်ပေးခဲ့သည့် လက်ကားပွဲရုံဈေးကြီးဖြစ်သည်။ ယခုတိုင် ရောင်းဝယ်ဖောက်ကားဆဲ ဖြစ်၏။ ရတနာပုံခေတ်ကတည်းက စူပါမတ်ကက်ကြီးဖြစ်မှာပေါ့။

လက်ကားဈေးကြီးဖြစ်သောမလွန်ဈေးကို ကြိုသည့် ဈေးတစ်ဈေးလည်းမြောက်ဘက်မလှမ်းမကမ်းတွင် အတူတည်ထားခဲ့သည်။ မလွန်ဈေးကို ကြိုသောကြောင့်” ဈေးကြို”ဟုခေါ်တွင်သည်။ ” ဈေးကြို”ကိုနောက်တစ်ခါ ” ဈေးချိုတော်”ဟုခေါ်တွင်ခဲ့သည်။

ဈေးကြိုများက ယခင် မင်းနေပြည်များဖြစ်ခဲ့သော အင်းဝနေပြည်တော်၊ အမရပူရနေပြည်တော် ၏ ပန္နက်များတွင်လည်းပါရှိခဲ့သည်။” ဈေးကြို”၏ မူလနေရာသည် ယခု ငါးပိတန်းလက်ကြား (ဈေးချိုတော် တိုက်တန်းကြီး၏ အရှေ့ဘက်) ၂၆ဘီလမ်း (အာဇာနည်လမ်း)နှင့် ၂၇လမ်း (ဘာဘူတန်း)ကြားနေရာများဖြစ်သည်။ မူလမန္တလေး ” ဈေးကြို”က အမရပူရ ” ဈေးကြို”ပုံစံအတိုင်းတည်ဆာက်ခဲ့သည်။

၁၈၇၆ခုနှစ်တွင် မူလ ” ဈေးကြိုတော်”ကို ပြင်ဆင်တည်ဆောက်လိုက်၏။ သစ်သားများဖြင့်သာ ပြန်လည်တည်ဆောက်ခဲ့သည့် အဆိုပါဈးကြို (ဈေးချို)မှာ ၁၉ဝ၂ခုနှစ် ဧပြီ၁၂ရက် (သက္ကရာဇ် ၁၂၆၃ ခုနှစ် တန်ခူးလဆန်း ၅ရက်)တွင် မီးကြီးလောင်ကျွမ်းသည်။ ထို့နောက် နှစ်(၉ဝ)ကျော်ကြားသက်တမ်းရှည်၍ ကမ္ဘာကျော်ခဲ့သော ၁၂ရုံ အုတ်တိုက် ဈေးချိုတော်ကြီးကို “အုတ်ကာသွပ်မိုး”ဟူသော နေ့နာမ်သင့် အတိုင်း ၁၂၆၅ ခု (၁၉ဝ၃ခု)တွင် တည်ဆောက်ခဲ့သည်။ ဗိသုကာမှာ မန္တလေးမြူနီစပယ်၏ ပထမဆုံးအတွင်းရေးမှူး အီတလီလူမျိုးCount Coldaryi ဖြစ်သည်။

၂၆ဘီလမ်း (အာဇာနည်လမ်း)မှ တောင်ဘက် ၂၈ လမ်း(သံဖြူတန်း)အထိ နှစ်ပြ(ပေ ၁၅ဝဝနီးပါး) ရှည်၍ အရှေ့အနောက်အနေနှင့် ၈၄လမ်းအထိ တစ်ပြ (ပေ ၆ဝဝ နီးပါး)ကျယ်သည်။ အုတ်တိုက် သွပ်မိုးရုံကြီး ၁၂ရုံ ပါရှိ၏။ တောင်မြောက်အလျားလိုက်ရှိသော ရုံကြီး ၃ရုံတွဲပြီး ကြားတွင် မလွယ်ပေါက်။ ထို့နောက် နောက်ထပ် ၃ရုံတွဲပြီး အလယ်တွင် ကျယ်ဝန်းသောအလယ်ပေါက်ကြီး ထားရှိကာ ထိုပုံစံအတိုင်း တောင်ဘက်တွင်လည်း ၆ရုံတွဲရှိသည်။ အေ၊ ဘီ၊ စီဟူ၍ နာမည်ပေးပြီး အယ်လ်အထိရှိသည်။

ရုံအလိုက် အမျိုးအစားတူ ကုန်ပစ္စည်းများကိုပဲ တစ်စုတစ်စည်းတည်းရာင်းချကြသည်။ ကြားတန်းများမပါဘဲ တစ်ရုံလျှင် ဆိုင်ခန်းပေါင်း ၁၆ဝရှိသည်။ ၁၂ရုံတွင် ဆိုင်ခန်းပေါင်း ၂ဝဝဝ နီးပါးရှိမည်။ ထိုအရေအတွက်သည် ရုံကြီးအတွင်းဝင်လမ်းထွက်လမ်း၊ ဝင်ပေါက်၊ ထွက်ပေါက်များ မူလအတိုင်း မပျက်မယွင်းရှိစေရန် နှစ်၉ဝစလုံး နေရာချထားခဲ့သည့် စနစ်ဖြစ်သည်။ ထို့ကြောင့် မည်သည့်သဘာဝအန္တရာယ်နှင့် ရင်ဆိုင်ရသည်မဆို ဝင်လမ်း၊ ထွက်လမ်း ရှင်းသည်။ ထို့ပြင် မလွယ်ပေါက်လမ်းများနှင့် အလယ်ပေါက် လမ်းမကြီးများပေါ်တွင် ယာဉ်များ၊ အထူးသဖြင့် မီးသတ်ကားများ လွယ်ကူစွာဝင်နိုင်ပြီး ထွက်လမ်းများလည်းရှိသည်။ ထို့ပြင် ထိုလမ်းများပေါ် ၌ မီးသတ်ရေကန်များလည်းရှိသည်။ ရုံတစ်ရုံနှင့် တစ်ရုံကြားတန်းများတွင်လည်း မီးသတ်ကန်များထားရှိကာ ရေအပြည့်ရှိသည်။

မန္တလေးဈေးချိုတော်တွင် ရုံကြီး ၁၂ရုံအပြင် အရှေ့ဘက်၌ ၈၄လမ်း(ဗိုလ်ချုပ်အောင်ဆန်းလမ်း)ကို မျက်နှာပြု၍ ၂၆ဘီလမ်းနှင့် ၂၈လမ်းကြား၌ တိုက်တန်းကြီးတည်ရှိပြီး၊ ၂၆ဘီလမ်း၊ ၈၄လမ်းနှင့် ရွှေတချောင်းမြောင်းကြားတွင် တိုက်တန်းလေး တည်ရှိသည်။ ၁၉၇ဝ ဝန်းကျင်တွင် အဆိုပါ တိုက်တန်းလေးကိုဖျက်သိမ်းပြီး မန္တလေးမြူနီစီပယ်က မြို့တော်ခန်းမ(၂)နှင့် မြို့တော်ခန်းမ(၃)ဟူ၍ နှစ်ထပ်တိုက်တန်းကြီးတည်ဆောက်ခဲ့သည်။ ဈေးချိုတော်ပင်မရုံကြီး ၁၂ရုံ၏ တောင်ဘက်ခမ်း ရုံ ၆ရုံတွဲ၏ အနောက်ဘက်တွင် ပန်းတန်း၊ ထိုးမုန့်တန်း၊ သံဖြူတန်းလေး၊ မုန့်စုံတန်းတို့ တည်ရှိပြီးမြောက်ဘက် ၆ရုံတွဲ၏ အနောက်ဘက်တွင် ငှက်ပျောတန်း၊ မွေ့ယာတန်း၊ လင်းရောင်ခြည်ဈေးတန်း၊ အောင်ဈေးတန်းတို့ တည်ရှိသည်။

ယခုအခါ အဆိုပါနေရာများတွင် ၆ထပ်ဈေးချိုတော်ပလာဇာကြီး တည်ဆောက်ထားသည်။ ဈေးချိုတော်ကြီး၏ တောင်ဘက် ၂၈လမ်း၊ ၈၄ လမ်းနှင့် ၈၅လမ်းကြားကို သံဖြူတန်းကြီးဟု ခေါ်တွင်ပြီး သံသေတ္တာများ၊ သံဖြူနှင့်ပတ်သက်သော အထည်များ ရောင်းချကြသည်။ ထို့ပြင် ပွဲရုံများလည်း တည်ရှိသည်။ ထို ၂၈လမ်းကိုပင် ၈၅လမ်းနှင့် ရွှေတချောင်းကြားကို အိုးတန်းကြီးဟုခေါ်ပြီး မြေအိုး၊ စဉ့်အိုးများရောင်းချသည်။ အိုးတန်းကြီးနှင့် တစ်ဆက်တည်း ၂၈လမ်းနှင့် ၂၉လမ်းကြား၊ ၈၅လမ်းနှင့် ရွှေတချောင်းကြားမှာ ထီးတိုင်ဈေးဖြစ်ပြီး မနက်ပိုင်းတွင် ကုန်စိမ်းများ၊ ပန်းများရောင်းချပြီး စားသောက်ကုန်၊ ကုန်ခြောက်နှင့် ပွဲရုံများလည်း တည်ရှိသည်။ ထိုနေရာ တစ်ဝိုက်ကား ရတနာပုံခေတ်၌သာမက ကိုလိုနီခေတ်မှာပင် ကုန်းရုန်းထကာ နာလံထခဲ့ပြီး စီမံကိန်းစီးပွားရေးခေတ်အထိပင် မြို့ပြ၏ စီးပွားရေး အချက်အခြာနေရာအဖြစ် အမျိုးသားစီးပွားရေးကို တံခွန်လွှင့်ထူနိုင်ခဲ့သည်။

သို့သော်ငြား ၁၉၉၀၀န်းကျင်ရောက်ပါမှ အဆောက်အဦး ရင်းမြစ်များကို အမြစ်လှန်ခဲ့ပြီး အမျိုးသားစီးပွားရေးတံခွန်ကို ရိုက်ချိုးနင်းချေခံခဲ့ရခြင်းကလည်း သမိုင်းအမည်းကွက်ဖြစ်ခဲ့ပါ၏။

#voiceofmyanmar #VOM #ဆူးငှက် #မလွန်စူပါမတ်ကတ် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW