ရွာလုံးကျွတ် တိမ်းရှောင်နေကြရလို့ အရာတော်နယ်မှာ ရာသီပေါ်သီးနှံတွေ အခုထိ ရိတ်သိမ်းနိုင်ခြင်း မရှိသေး

ဒီဇင်ဘာ ၊ ၂၂-၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်နယ်က ကျေးရွာတချို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပစ်ခတ်တာတွေနဲ့ လူနေအိမ်တွေ မီးလောင်ခဲ့တာကြောင့် ဒေသခံရွာသားတွေဟာ ဘေးလွတ်ရာကို ပုန်းခိုနေရတဲ့အတွက် ရာသီပေါ်စိုက်ခင်းတွေ ရိတ်သိမ်းချိန်တန်ပေမယ့် အခုထိ ရိတ်သိမ်းနိုင်တာမရှိသေးဘူးလို့ ကဲသာရွာခံတွေထံက သိရပါတယ်။
 
” စပါးခင်းတွေနဲ့ မြေပဲခင်းတွေဟာ ရိတ်သိမ်းချိန် ရာသီရောက်နေပြီ ၊ အခုထိ ရိတ်သိမ်းနိုင်တာ မရှိသေးဘူး ၊ ရွာကလူတွေ အားလုံးနီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေရတာ “လို့ အရာတော်နယ်ခံ တယောက်က ပြောပါတယ်။
 
ပြီးခဲ့တဲ့ရက်ပိုင်းတွေက အရာတော်နယ်က ရွာတချို့မှာ ပစ်ခတ်တာ ၊ ဖမ်းဆီးတာ နဲ့ လူနေအိမ်တချို့ မီးလောင်တဲ့ ဖြစ်ရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ပြီး ရွာခံ တောင်သူတွေဟာ သူတို့စိုက်ပျိုးထားတဲ့ ရာသီပေါ် စိုက်ခင်း လယ်ယာတွေကို ပြန်လှည့်ကြည့်နိုင်ခြင်း မရှိတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်တယ်လို့ အရာတော်နယ်ခံတချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” အရာတော်နယ်က သလဲဘာရွာ ၊ အလယ်ရွာ ၊ ဆိတ်ဖူးကြီးရွာ ၊ ဆင်တလည်ရွာ ၊ ကဲသာ ၊ ညောင်ခြေတောက် ၊ ငါးကင် ၊ သရက်ချို ၊ ကျောက်ကုန်း ၊ ရွှေစည်းခုံ ၊ သာစည် ၊ မင်းရွာ စတဲ့ ရွာတွေဘက်က မြေပဲခင်း ၊ စပါးခင်း နဲ့ ဆောင်းပဲ အမျိုးမျိုး စိုက်ခင်းတွေက ရိတ်သိမ်းချိန် ရောက်နေပေမယ့် အခုထိ ရိတ်သိမ်းနိုင်တာ မရှိသေးဘူး “လို့ ရွာခံတွေက ပြောပါတယ်။
 
အရာတော်နယ်က တောင်သူတွေဟာ အခုလို ရာသီမှာ စပါး ၊ ပြောင်း ၊ မြေပဲ နဲ့ ဆောင်းပဲအမျိုးမျိုး ရိတ်သိမ်း ကာလဖြစ်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #အရာတော#ရာသီပေါ်သီးနှံ #ရိတ်သိမ်းနိုင်ခြင်းမရှိသေး

Related posts

Leave a Comment

VOM News

FREE
VIEW