—————————-
ဆူးငှက်
““ မဟာမုနိရုပ်ရှင်တော်မြတ်မှာ မီးသင့်လောင်ရာမျက်နှာတော်မှာ လက်လေးသစ်ခန့် ကွဲအက်၍ရောင်လျှံတော် မပွင့်မလင်းရှိသည်ကို။ ဂဏာစရိယ၊ ဂဏပါမောက္ခ သင်္ဃရာဇာမဟာဓမ္မရာဇ်ဖြစ်တော်မူသော မာလာလင်္ကာရဓဇ ဓမ္မသေနာပတိအတုလဓိပတိ သီရိပဝရ မဟာဓမ္မရာဇဂုရုတံဆိပ်နာမတော်ရှိသော သာသနာပြု ဆရာတော် ဘုရားကြီးနှင့် ဘဝရှင်မင်းတရားကြီးဘုရား လက်ဝဲလက်ယာ ကိုယ်တော်တိုင် ကြပ်မတော်မူလျှက် ပဉ္စသိင်္ခနတ်သား၏ စောင်းသံနှင့်တူသော တူရိယာမျိုးငါးပါးအသံတို့ကို တပြိုင်နက် တီးမှုတ်စေပြီးလျှင် မျက်နှာတော်အသစ် ဖွင့်တော်မူရာ သယ္မဘူငုံအာ၊ ပဒုမ္မာမုံရင့်၊ ပွင့်လုဆဲဆဲ၊ လွန်ကဲထူးမြတ်သော၊ ဒဗ္ဘသမ္ဘာရ အဆောက်အဦတော်ရှိသည်ဖြစ်၍ ကဏ္ဍပ္ပသရက်ပင်ရင်းနှိုက် မြတ်စွာဘုရားတန်ခိုးပာဋိဟာပြတော်မူသည့်ပမာ ရောင်ခြည်တော်ကွန့်မြူးလျှက် လက်လေးသစ်ခန့်ကွဲအက်သော မျက်နှာတော်သည် စန္ဒရပုဏ္ဏမီတိထီ စက်ဝန်းကဲ့သို့ ရွှန်းလက်သောပကတိအဆင်းနှင့် တည်တော်မူသည်။””
(ကန္နီမြို့စစ်ကဲမင်းထင်ရာဇာ-မန္တလေးရတနာပုံ မဟာရာဇဝင်တော်ကြီး စာမျက်နှာ-၂၀၃) သက္ကရာဇ် ၁၂၄၅ ခု နှောင်းတန်ခူးလဆန်းက လောင်သော မီးကြီးကြောင့် မန္တလေး မဟာမုနိဘုရားစောင်းတန်းကြီးလေးသွယ်၊ပြာသာဒ်တော်ကြီးများအထိ မီးစွဲလောင်ခဲ့ရာ ရွှေသားမကိုဋ်တော်၊ နားပန်တော်၊ စလွယ်တော်များနှင့် ကပ်လှူပူဇော်ထားသော ရွှေသင်္ကန်းတော်များစီးဆင်းကျရောက် အရည်ပျော်သည်ဟု ဖတ်မှတ်ရဖူးသည်။ စုစုပေါင်းရွှေချိန် ငါးထောင့်လေးရာ ငါးဆယ်ကျော်ရသည်ဟု ဆိုသည်။ ရုပ်ပွားတော်ရင်းမှာကား တစ်စုံတစ်ရာ ချွတ်ယွင်းပျက်စီးခြင်းမရှိ၊ ပကတိအတိုင်း တည်တော်မူသည်ဟု ဆိုသော်လည်း ကန္နီမြို့စစ်ကဲမင်းထင်ရာဇာ၏ မှတ်တမ်းအလိုအရ မျက်နှာတော်တွင် လက်လေးသစ်ကွဲအက်သည်ဟု သိရှိရသည်။
ထိုနှစ် ဝါဆိုလတွင် သီပေါဘုရင်က မကိုဋ်တော် အသစ်၊ နရတင်းတော်၊ နားပန်တော်၊ စလွယ်တော်၊ ဒုရင်တော်၊ သပိတ်တော်၊ သန်းသက်ရေစစ်တော်အစုံ၊ ယပ်ရိုးရှည်များနှင့် ဖန်သလွန်တော်များကို ထေရ်ကြီးဝါကြီး သံဃာတော်များ အမှူးထား၍ ဆရာတော်သံဃာတော် (၃၃၉)ပါး၊ မင်းညီမင်းသားမှူးမတ်တို့နှင့် တပ်ဝင်း အခမ်းအနားများ ဝှဲချီးခင်းကျင်းကာ ပြည်သူပြည်သားများရှေ့မှောက် လှူဒါန်းခဲ့သည်ဆို၏။
ထိုနေ့မှာပင် ထိုရဟန်းရှင်လူမင်းပရိသတ်၊ပြည်သူပြည်သား ပရိသတ်များအလယ်တွင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ လက်လေးသစ်ခန့်ကွဲအက်သွားသော မျက်နှာတော်ကို ပြန်လည်ပြုပြင်ရောင်တော်ဖွင့်ခဲ့သည်ဆိုသည်မှာ ဝါတော်အကြီးဆုံး ရှေးဟောင်းရုပ်ပွားတော်ကြီး၏ ရှေးဟောင်းပစ္စည်းပြုပြင်ထိန်းသိမ်းမှုတွင် ပထမဦးဆုံးအရေးပါသည့် မှတ်တမ်းတစ်ခုဖြစ်ခဲ့သည်။ (ထူးခြားသည်မှာလည်း ထိုပြုပြင်မှုသည် ရုပ်ပွားဆင်းတုတော်ကြီး လက်ရှိနေရာ စတင် စံပ္ပာယ်သည့် အချိန်မှ နှစ် ၁၀၀ တင်းတင်းပြည့်သည့်အချိန်၌ မီးလောင်ကျွမ်းခြင်းဖြစ်သည်။)
တကယ်တော့ ရှေးဟောင်းသုတေသနဆိုင်ရာ ရှုထောင့်မှကြည့်၍ ယခုကဲ့သို့ သက်တမ်းရရှေးဟောင်းရုပ်ပွားတော်ကြီးအား ပြန်လည်ပြုပြင်ခြင်းကို ဘုရင်ကိုယ်တိုင်ကလည်း ရဟန်းရှင်လူပြည်သူများရှေ့မှောက် သာသနာပြုဆရာတော်ကြီး ကြပ်မတ်မှုဖြင့်ဆာင်ရွက်တော်မူခြင်းဖြစ်သည်။ ထိုစဉ် ကိစ္စအ၀၀ကိုလည်း ကန္နီစစ်ကဲ မင်းထင်ရာဇာက လုံးစေ့ပတ်စေ့ စနစ်တကျ မှတ်တမ်းတင်ခဲ့သောကြောင့် သောင်းလူတို့သိမှတ်သားခဲ့ရသည်။ ရှေးဟောင်းပစ္စည်းများအား ပြုပြင်ထိန်းသိမ်းမှုနှင့် ပတ်သက်၍ လေးစားအတုယူဖွယ် ဆောင်ရွက်မှုတစ်ခုဖြစ်ပါ၏။
xxx xxx xxx
““လောကထစရိယဖြစ်သော ပကတိပယ်ကို မင်္ဂလာဘုံကျော်ကျောင်းတော် မဟာရံ အရှေ့တောင်ထောင့် ကသည်စ်ဆယ့်ငါးတာ တောင်သို့ခွာ၍ အရှေ့မျက်နှာရှစ်တောတွင် တညီတညွတ်ကျောက်တိုင်လေးထောင့်
ပတ်လျှက်ထားသတည်း”” ဟု အလျား ၂၅တောင်၊ အနံ ၂၅ တောင်စတုရန်းကို ပကတိပယ်သတ်မှတ်ပြီး ၎င်း၏ နှစ်ဆကို မင်းပယ်ဟုသတ်မှတ်ကာ အငြင်းပွားဖွယ်မြန်မာစံအခြင်အတွယ်၊ အတိုင်းအထွာများကို သက္ကရာဇ် ၁၁၅၃ ခုနှစ် နယုန်လပြည့်ကျော်၁၀ရက်နေ့က ဘိုးတော်ဘုရားကိုယ်တိုင် မောင်းထောင် သာသနာပိုင်ဆရာတော်ကြီး ရေးသွင်းချက်ဖြင့် ကျောက်စာများရေးထိုးစိုက်ထူခဲ့သည်။
ထို “ပယ်” ဧရိယာစံမြေကွက်များနှင့်ကျာက်စာများမှာ ၁၁၅၃ ခုနှစ်ကတည်းက မန္တလေးချမ်းမြသာစည်တောင်အကွက် ၉၀၂ ၌ တည်ခဲ့သည်။ “ပယ်ပုံတော်ကျောက်စာဝင်းကြီး” ဟု သုတေသနသမား အဆက်ဆက်တန်ဖိုးထား ထိန်းသိမ်းခဲ့ကြ၏။ မန္တလေး ရတနာပုံမြို့တည်သည့်တိုင် ထိုဝင်းကို ပကတိအတိုင်းစာင့်ရှောက်ခဲ့သည်။ ပယ်အတိုင်းအထွာမြေကွက်ကပင် အဖိုးတန်ရှေးဟောင်းပစ္စည်းအမွေအနှစ်မို့ မည်သည့် အဆောက်အဦးမှ မဆောက်လုပ်ဘဲ ထိန်းသိမ်းခဲ့သည်။
xxx xxx xxx
ရှေးဟောင်း အမွေအနှစ်ပစ္စည်းများနှင့် ပတ်သက်၍ မပျောက်ဆုံးအောင် ထိန်းသိမ်းရေး (Conservation) ၊ ဆက်၍မပျက်စီးရန် ကာကွယ်ရေး (Preservation)နှင့် မူရင်းပုံစံမပျက် ပန်လည်တည်ဆောက်ရေး (Restoration)ဟူ၍ ထိန်းသိမ်းမှုပုံစံများကို ခွဲခြားထားသည်။ ဒါဆိုရင်ဖြင့် မပျောက်ဆုံးအောင်ထိန်းသိမ်းရေး (Conservation)က ပထမဦးစားပေး အဖြစ်သင့်ဆုံးကိစ္စပေါ့။ ကာလဒေသ ပယောဂအရ ပျက်စီးယိုယွင်းပြီဆိုလျှင် ဆက်၍မပျက်စီးရန် ကာကွယ်ရေး (Preservation)ဖြင့် ထိန်းသိမ်းရမည်။ ဒီ (၂)ချက်က အရေးကြီးသည်။ ဒါဖြင့် မူလရှိပြီးသား ရှေးဟောင်းအမွေအနှစ် ပစ္စည်းများကိုရော ရှေးဟောင်းအမွေအနှစ်မှန်းသိသိ ေစာင့်ရှောက်ထိန်းသိမ်းကြဖို့က ပို၍ အရေးကြီးသည်။
တကယ်တော့ မန္တလေးတစ်မြို့လုံးကိုက ရှေးဟောင်းအမွေအနှစ် ပစ္စည်းကြီးဖြစ်သည်။ သာသနိက အဆောက်အဦး အတော်များများကိုက မန္တလေးမတိုင်မီကပင် တည်ရှိခဲ့သည့် အဖိုးတန်အမွေဖြစ်သည်။ လက်ရှိ ကျုံး မြို့ရိုး အပါအဝင် မန္တလေးတည် ကနဦးမူလ (၇)ဌာန အစမှသည် ထိုခေတ်ထိုအခါမှအရပ်ရပ်အဆောက်အဦးများသည်လည်း အမွေအနှစ်များပင်ဖြစ်၏။ ထိုအမွေအနှစ်များ၏ တန်ဖိုးကား လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ နိုင်ငံရေးပေတံများနှင့် တိုင်းတာကာ တန်ဖိုးဖြတ် ရဦးမည်။ မည်သို့ဆိုစေ ထိုပေတံများနှင့် စံပြုပိုင်းဖြတ်သတ်မှတ်ထားသည့် အရာမှန်သမျှကား အမွေအနှစ် ပစ္စည်းချည်းဖြစ်၏။ အမွေကို ရယူခံစား ပိုင်ဆိုင်ခွင့်ရှိသည် ဆိုသည်မှာ နိုင်ငံနှင့်လူမျိုးအတွက် ကြီးမြတ်သော ဂုဏ်ပုဒ်ပင် ဖစ်သည်။
xxx xxx xxx
ဘိုးတော်ဘုရားက သူရေးထိုးစိုက်ထူခဲ့သော အောင်ပင်လယ်ကျောက်စာတွင် အရပ်ရပ် အထင်အရှားရှိခဲ့သော အများနှင့်ဆိုင်သည့် အလုပ်အဆောင်များကို နှောင်းလူတို့က ပျက်စီးစေရန် ကြံရွယ်ပါက …
““…ကြီးမြတ်သောကရုဏာတော်ဖြင့် ပိုင်းခြားတော်မူခဲ့သောအာဏာစက်ကို မသိမိမှား ကျူးလွန်မိငြားလေသည်ဖြစ်အံ့။ ကြီးစွာသောဘေးဒဏ်တို့သည် ပစ္စုပ္ပာန် မျက်မှောက် ချက်ချင်းရောက်လျက် စုတိအနန္တရီ၍
အပယ်လေးဘုံက တလုံလဲလဲ ဆင်းရဲခံရရာလေသည်။””ဟု ကျိန်ဆိုထားလေ၏။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး