တစ်လက်ကိုင်ဆေး

ဆူးငှက်

မန္တလေးရတနာပုံနေပြည်တော်မှာ သမားတော်ကြီး ဆရာခဲဟူ၍ မင်းတုန်းမင်းကြီးလက်ထက်ကတည်းက နာမည်ကြီးခဲ့သော သမားတော်ကြီးတစ်ဦးရှိ၏။ ရွှေနန်းတော်အတွင်း၌ မင်းသုံး သူငယ်နာအထူးကုသမားတော်ကြီးဖြစ်သည်။

ဆရာခဲကြီး မရှိတော့သောအခါ ဆရာခဲ၏သား ဆရာညိုက ဆေးကုအမွေကို ဆက်ခံသည်။ ဆရာညို၏ တပည့်က ဦးလှဘော်ဖြစ်၏။ ဦးလှဘော်ကို ဆရာညိုက တူမဖြစ်သူ ဒေါ်ကျော်နှင့်ပေးစားသည်။ ဦးလှဘော်၏တပည့်မှာ ကိုအောင်ကြီးဟု ဆိုသည်။ ဦးလှဘော်ဆေးကုသွားလေရာသို့ ဆေးအိတ်ကိုင်၍ လိုက်ရသည့် တပည့်ဖြစ်သည်။ ဦးလှဘော်ကလည်း တပည့် ကိုအောင်ကြီးကို သူ့ခယ်မ တုတ်တုတ်နှင့် ပေးစားသည်ဟု ဖတ်မှတ်ရဖူးသည်။

သူငယ်နာအထူးကုသမားတော်ကြီး ဦးလှဘော်ကို ကိုလိုနီခေတ်က မန္တလေး၏မိဘတိုင်း မရင်းနှီးသူ မရှိကြဟု
ဆိုသည်။ ဆရာကြီးဦးလှဘော်တွင် သားသမီး ၆ယာက်ရှိရာ ၂ ဦးက ဆရာကြီး၏ပညာကို ဆက်ခံသည်ဟု ဆို၏။ မြေးအထိပင် ဆက်ခံသည်ဟု သိရှိရဖူးသည်။ ဆရာညိုသမီးဒေါ်အေး၏ သူငယ်နာဆေးများကလည်း ယခုအထိ မိဘတိုင်းက လက်မလွှတ်ရသေး….။

ရှေးက မြန်မာသမားတော်ကြီးများကုသပုံနှင့်ပတ်သက်၍ တစ်ခု ဖတ်မှတ်ရဖူးသည်မှာ ရွာစားစိန်ဗေဒါကြီးသည် မိမိကိုယ်ကို စိုးရိမ်ကြောင့်ကျ အားငယ်တတ်သော စိတ်ရောဂါတစ်မျိုး ရှိကြောင်း၊ ထမင်းစားမည်ဆိုလျှင် အဆိပ်ခတ်ထားသည် ဟူသော စိုးရိမ်စိတ်မျိုးဖြစ်ကြောင်း၊ ထိုရောဂါအတွက် ဆရာကြီးဦးလှဘော်က ရွာစားကြီးအား အလှူည ဧည့်ခံဆိုင်းတီးလျှင် ဦးခေါင်းအပေါ် နှင်းအကျမခံစေရန်နှင့် ဘယ်သောအခါမျှ ဦးခေါင်းအအေးမခံရန် လိုသည်ဟုဆိုကာ သူ့ဆိုင်းဝိုင်းကို နှင်းခံလေးတိုင်စင် မဏ္ဍပ်ထိုးစေခဲ့ပြီး ကုသပေးခဲ့သည် ဆို၏။ ထိုအချိန်မှစ၍ ယခုတိုင် မန္တလေးအလှူများ၌ ညဧည့်ခံဆိုင်းဝိုင်းသည် နှင်းကာ လေးတိုင်စင် ပါခဲ့ခြင်းဖြစ်သည်ဟု ဖတ်မှတ်ရဖူးသည်။

ထိုခေတ်က မန္တလေးတွင် အခြားထင်ရှားသော မြန်မာသမားတော်ကြီးများမှာ ပုဏ္ဏားဆရာကြီး ဦးဒေါန၊ ဆရာကြီး ဦးလူကလေးနှင့် ဆရာအေးတို့ဖြစ်သည်။ ဆရာကြီး ဦးလှဘော်၊ ဦးဒေါနနှင့် ဦးလူကလေးတို့မှာ မြန်မာသမားတော်ကြီးများပီပီ တောင်ရှည်ပုဆိုးကြီးများ၊ နူတ်ခမ်းမွှေးကားကားကြီးများနှင့် ခံ့ညားလှသည် ဟုဆို၏။

ဆရာအေးက မီးယပ်အထူးကုမြန်မာသမားတော်ကြီးဖြစ်သည်။ မင်္ဂလာဈေး နန်းဦးတိုက်အနောက်ပေါက်၌နေသည်ဟုဆိုသည်။ ဆရာအေး၏ “ရွှေသွေးဆေး” သည် ယနေ့ထက်တိုင်နာမည်ကြီးသော အမျိုးသမီးဆေးဖြစ်သည်။ ဆေးလုံးလေးများ၌ ရွှေပြားလေးတွေ ကပ်နေတာမြင်ရသည်။ ဆေးနှင့်အတူ ရွှေဆိုင်းများပါ ရောစပ်ထားသည်ဟုဆိုသည်။ ဆရာအေးကား သူ့နေအိမ်မှ တစ်မနက်လုံး တစ်နေ့ခင်းလုံး ဆေးပေးသည်။ ညနေသုံးနာရီကျော်တော့ အိမ်သို့ မလာနိုင်သည့် လူနာများကို ကိုယ်ပိုင်ရထားလုံးကြီးနှင့် လိုက်ကြည့်သည်။

မော်တော်ကား မပေါ်သေးသောခေတ်က ကိုယ်ပိုင်ရထားလုံးများကို ဂုဏ်ဒြပ်အနေနှင့် စီးကြသည်။ ရထားလုံးဆိုသည်မှာ ယခုပြင်ဦးလွင်၌တွေ့ရသည့် မြင်းရထားမျိုးဖြစ်၏။ ထိုခေတ်က မန္တလေးရထားလုံးများမှာ ယခုမြင်ရသေးသော ပြင်ဦးလွင်ရထားလုံးများထက် ပိုကြီး၊ ပိုခံ့၊ ပိုလှသည်ဟု ဆို၏။ ဆရာအေး စီးနင်းသော ကိုယ်ပိုင်ရထားလုံးကြီးက အစိမ်းရင့်ရောင်တဲ့…၊ ရထားလုံးကြီးမှာ တပ်ဆင်ထားသော ကြေးထည်ပစ္စည်းများက ဖိတ်ဖိတ်လက်လို့တဲ့။ ရထားလုံး၏ အဆောင်အယောင်က ပိုင်ရှင်၏ ဓနအင်အားကိုပြတာတဲ့။

ဆရာအေးက ခေါင်းပေါင်းစကို ရှည်ရှည်ချထားသည်။ ပိုးပန်းနုရောင်ဖြစ်စေ၊ အဝါနုရောင်ဖြစ်စေ၊ အဖြူတစ်စင်း၊ အရောင်တစ်စင်း၊ ကွမ်းရိုးစင်းတာင်ရှည်ပုဆိုးကြီး ဝတ်ထားသည်။ ခေါင်းပေါင်းစကလည်း လက်သန်းလုံးလောက် အစင်းကလေးများနှင့် ပန်းရောင်ဖြစ်သည်။ လက်မှာက စိန်ခြယ်လက်စွပ်ကြီးလည်း ဝတ်ထားသည်။ ဆရာအေးများ ဆေးကုလာပြီဆိုလျှင် အလွန်ခံ့ညားလှသည်ဆို၏။

ထိုစဉ်က မြန်မာသမားတော်ကြီးများမှာ ရောဂါစုံကုသကြသော်လည်း မိမိပိုစွမ်း၊ ပိုကျွမ်းသော ဘာသာရပ်များတွင် ပါရဂူမြောက်ကြသဖြင့် ပိုမိုထင်ရှားကြသည်။ ကျွမ်းကျင်တတ်သိမှုဖြင့် ဆေးစွမ်းဆေးကောင်းကို ကိုင်တွယ်သည်။ ထို့ကြောင့် ပိုကျော်ကြား၏။ ကျော်ကြားသဖြင့် အတွေ့အကြုံက ပိုရှိလာသည်။ ထိုအတွေ့အကြုံကပင် ကုသမှုကို ပိုမိုအစွမ်းထက်လာစေပြန်၏။ ပညာဖြင့်သာ မိမိကိုယ်ကိုမြှင့်တင်ဂုဏ်ယူခဲ့ကြသည့်မတ္တာရှင် စေတနာရှင်ကြီးများလည်းဖြစ်သည်။

ထိုသမားတော်ကြီးများ အိမ်တိုင်ရာရောက် လာရောက်ပင့်ဆောင် ကုသစေပါကခြေကြွခအဖြစ် ၂ ကျပ်မျိုး ၃
ကျပ်မျိုးကို ဆရာမသိအောင် ဆေးအိတ်ထဲသို့ လူနာရှင်က အသာထည့်ပေးလိုက်ပြီး လက်အုပ်ချီကာကျးဇူးတင် ဂါရဝစကားပြောကြားရသည်။ အတိအလင်း ပိုက်ဆံပေးပါက၊ ပိုက်ဆံယူပါက ရိုင်းသည်ဟု သဘောထားရုံမက ဆေးမလိုက်၊ ဆေးမစွမ်းဟု ယုံကြည်ကြသည်ဟု ဖတ်မှတ်ဖူးပါသည်။

မန္တလေးရှိ မြန်မာသမားတော်ကြီးများမှာ ရွှေနန်းတော်တွင် အမှုထမ်းခဲ့သည့် တော်ဝင်လက်သုံး သမားတော်ကြီးများ အဆက်အနွယ်မို့ တကယ့်ပညာ၊ တကယ့်ဆေးနည်း၊ တကယ့်ဆေးစွမ်းများကို ရရှိခဲ့ကြမှာ သေချာသည်။ ထို့ကြောင့်လည်း ယနေ့ထက်တိုင်ခေတ်များစွာကို ကျော်ဖြတ်ပြီး လက်မလွှတ်စတမ်းသုံးစွဲနေကြရသေး၏။

မန္တလေးမွေး၊ မန္တလေးကြီးများက မိန်းမရောဂါနှင့် ပတ်သက်လျှင် ယခုထက်ထိ မင်္ဂလာဈေးတောင်ဘက် နန်းဦးတိုက် အနောက်ပေါက်က “ဆရာအေး ဆေးတိုက်”ပြေးကြရသည်။ ထို့အတူ သူငယ်နာနှင့် ပတ်သက်လျှင်လည်း ၈၅ လမ်း မလွန်ရပ်က ဆရာညိုသမီး
ဒေါ်အေး၏ဆေးနှင့်မှ သက်သာပျောက်ကင်းကြ၏။ ထို့အတူ သူငယ်တော်အုပ်ဆေးကလည်း နာမည်ကြီးသည်။ မောရိယမန်းဆေးကလည်း နှစ်ပေါင်း ၂၅၀ တိုင်သည့်တိုင် ထင်ရှားဆဲဖြစ်၏။

“နန်းတွင်းဆေးတော်ကြီး” ဟူသော အသုံးအနှုန်းနှင့် ဆေးအဖုံများစွာအနက် ယခုအခါ စစ်စစ်မှန်မှန် ကျန်တာ အနည်းငယ်သာရှိတာ့သည်။ အခြားအမျိုးအမည်များစွာကား နှမျော်ဖွယ်ရာ ပျောက်ကွယ်ကုန်ကြလေပြီ။

xxx xxx xxx

ကျွန်တော်တို့ မွေးဖွားကြီးပြင်းခဲ့ရသည့်နေရာမှာ မန္တလေးအနောက်ပြင် အိမ်တော်ရာဘုရားတောင်ဘက်မုခ် အနီးက စိုင်ပြွန် မင်းသားကြီးဝင်းမှာဖြစ်သည်။ ပုဂံမင်းနှင့်နောက်တော်ပါ စိုင်ပြွန်မင်းသားကြီး၏ အဆက်အနွယ်များ အစဉ်တစိုက်နေထိုင်ခဲ့ကြသည်။
မင်းသားကြီး၏မြစ်တော်ဖြစ်သော “အမေချစ်” က အမရပူရ ရွှေနန်းတော်ထွက် ဆေးကျမ်းများအတိုင်း နန်းသုံးတော်ဝင်ငန်းဆေးဖြူကြီးကို အမြဲဖော်စပ်ထား၏။

ကျွန်တော်မွေးတော့ အမေချစ်ကို မမီခဲ့ပေမင့် အမေချစ်၏ ငန်းဆေးဖြူကြီး တစ်မျိုးတည်းဖြင့်သာ လူလားမြောက်ခဲ့ရသည်။ အအေးမိသော်လည်း ဒီဆေး၊ အခိုးငုတ်လည်း ဒီဆေး၊ ဝက်သက်ဖျားလည်း ဒီဆေး၊ အပူချောင်းဆိုးလည်း ဒီဆေး၊ အအေးချောင်းဆိုးလည်း ဒီဆေး….။ ကွမ်းရွက်ပြုတ်ရည်လေး၊ ဂျင်းပြုတ်ရည်လေး၊ ထန်းညက်ရည်လေးနှင့် ရေလဲသုံးပေရော့….။

အမေချစ်က ဖန်ပုလင်းကြီးတစ်ပုလင်းနှင့် ငန်းဆေးတွေဖော်ကာ သူ့ဝင်းထဲ မှီတင်းနေထိုင်သည့် အိမ်ထောင်စုတိုင်းကိုပေးထား၏။ ကုန်ပြန်လျှင်ထပ်ဖြည့်သတဲ့။ လူပျိုပေါက်အထိ ထိုငန်းဆေး တစ်ခွက်တည်းနှင့်ပင် ဒေါင်ဒေါင်မြည်ခဲ့သည်။

xxx xxx xxx
ကျွန်တော်ကား ခေတ်နောက်ကျတယ်ပဲပြောပြော…..၊ အမေချစ်၏ ငန်းဆေးပုလင်းကြီးကို သတိရလွမ်းဆွတ်နေပါ၏။ ကျွန်တော်တို့မြန်မာလူမျိုးများ၏ တစ်လက်ကိုင်ဆေး….။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW