မြစ်ကြီးနားရှိ ပုဂ္ဂလိကဆေးရုံတစ်ခုက သူနာပြုဝန်ထမ်းတွေ အလုပ်ချိန်နဲ့ လုပ်ခလစာကြောင့် အလုပ်မဆင်းဘဲ ဆန္ဒပြ

မတ် ၂-၂၀၂၂
စိုးပိုင် (VOM)
 
ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့၊ စျေးကြီးလမ်းပေါ်က ပုဂ္ဂလိက အထူးကုဆေးရုံ အသစ်တခုဖြစ်တဲ့ ရင်စိန်ဆေးရုံမှာ မနေ့ မတ်လ ၁ရက်နေ့ကစပြီး သူနာပြုဝန်ထမ်း ၅၀ ဝန်းကျင်ဟာ အလုပ်ချိန်နဲ့ လုပ်ခ လစာ ညှိနှိုင်းမရတဲ့အတွက် အလုပ်မဆင်းဘဲ ဆန္ဒပြကြနေတယ်လို့ အဲ့ဒီဆေးရုံရဲ့ ကျန်းမာရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။
 
” အလုပ်စတင်လျှောက်ထားတုန်းက အလုပ်ရှင် ၊ အလုပ်သမား နှစ်ဦးသဘောတူခဲ့တဲ့ အလုပ်ချိန်က တစ်လကို နာရီပေါင်း၂၄၀ ဖြစ်တယ်၊ အလုပ်ရှင်ဘက်က နာရီပေါင်း ၆၀ ထပ်တိုးခိုင်းလာပြီး လုပ်အားခကျ ထပ်တိုးမပေးတာကြောင့် ဆက်ပြီး အလုပ်ဆင်းဖို့ မပြေလည်တဲ့အတွက် အခုလို အလုပ်မဆင်းဘဲ ဆန္ဒပြနေတာ ” လို့ ဆန္ဒပြရာမှာ ပါဝင်နေတဲ့ သူနာပြုတယောက်က ပြောပါတယ်။
 
ရင်စိန် ဆေးရုံဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ၊ ဇွန်လမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၊ သူနာပြုအလုပ် စတင်ခေါ်ယူစဥ်က အကြီးတန်းသူနာပြု တဦးရဲ့ အလုပ်ချိန်ဟာ တစ်လကို နာရီပေါင်း ၂၄၀ နဲ့ လုပ်ခလစာ ၅ သိန်းကျပ် ၊ အငယ်တန်းသူနာပြုရဲ့ အလုပ်ချိန်ဟာ တစ်လကို နာရီပေါင်း ၂၄၀ ၊ လုပ်ခလစာ ၄ သိန်းကျပ်ဆိုပြီး အလုပ်ရှင် အလုပ်သမား နှစ်ဘက် သဘောတူညီစွာ လုပ်ကိုင်ခဲ့ကြတာဖြစ်တယ်လို့ သူနာပြုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” မူလက သဘောတူထားခဲ့တာက တစ်လကို အလုပ်ချိန် နာရီပေါင်း ၂၄၀ ဖြစ်တယ် ၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်ကစလို့ ထပ်စောင်းအလုပ်ချိန် တစ်လကို နာရီပေါင်း ၆၀ ထပ်တိုးခိုင်းတယ် ၊ တစ်လရဲ့ အလုပ်ချိန်က ၂၄၀ ကနေ ၃၀၀ ဖြစ်သွားတယ် ၊ အဲ့ဒီအခါမှာ မူလသဘောတူခဲ့တဲ့ အလုပ်ချိန်ထက် ၊ ထပ်စောင်းတိုးခိုင်းလာတဲ့ အလုပ်ချိန်အပေါ် လုပ်ခလစာ တိုးမြှင့်ပေးဖို့ ညှိနှိုင်းပြောဆိုကြတဲ့အခါ ၊ အလုပ်ရှင်ဘက်က အရှုံးပေါ်နေသေးတဲ့အတွက် လစာတိုးမပေးနိုင်သေးဘူး ၊ အဆင်မပြေလို့ ထွက်ကြမယ်ဆိုရင်လည်း ရှိတဲ့သူနဲ့ ဆက်သွားမယ်ဆိုပြီး စကားပြော အဆင်မပြေဖြစ်ရာကနေ စတာပါ ” လို့ ဆန္ဒပြ သူနာပြုတယောက်က ပြောပါတယ်။
 
ဒါ့အပြင် အဲ့ဒီ သူနာပြု ဆက်ပြောတာက ” ဆေးရုံဖွင့်ပြီး ၃ လအကြာမှာ ၊ သူနာပြု ၅၅ ယောက်ရှိတဲ့အနက် လုပ်ငန်းအရှုံးပေါ်နေလို့ သူနာပြု အယောက် ၄၀ အတွက်ပဲ လစာပေးနိုင်မယ် ၊ ကျန်ဝန်ထမ်းအင်အား လျော့ချမယ်ဆိုလို့ အလုပ်ရှင်ဘက်လည်း အဆင်ပြေအောင် ၊ ကိုယ့်လုပ်ဖော်ကိုင်ဘက် သူနာပြု အချင်းချင်း အလုပ်ထုတ်ခံရတာမျိုး မဖြစ်စေရအောင် လစာကို အလှည့်ကျ ယူမယ်လို့ ညှိနှိုင်းခဲ့ဖူးတယ် ၊ အဲ့ဒီလို ညှိနှိုင်းတော့ သူနာပြု အယောက် ၄၀ အတွက်ပဲ လစာပေးနိုင်တယ်ဆိုတာကနေ အယောက် ၃၀ ပဲ ပေးနိုင်တော့မယ် ဖြစ်သွားပြန်တယ် ” လို့ ဖြစ်ပါတယ်။
 
ရင်စိန် အထူးကုဆေးရုံကို သူနာပြုဝန်ထမ်းတွေ အလုပ်စတင် ခန့်အပ်စဥ်က သတ်မှတ်စံနူန်းတွေဟာ အလုပ်ရှင် အလုပ်သမား နူတ်ကတိပြုချက်တွေတာ ထားရှိပြီး အလုပ်ရှင် အလုပ်သမား စာချုပ် ချုပ်ဆို ပဋိဉာဥ်ပြုထားတာ မရှိဘူးလို့လည်း သိရပါတယ်။
 
အဲ့ဒီ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရင်စိန် ဆေးရုံကို VOM ကဆက်သွယ်မေးမြန်းတဲ့အခါ ” သူနာပြုတွေနဲ့ ညှိနှိုင်းနေတုန်းလို့ပဲ ပြောနိုင်တယ် ၊ အသေးစိပ်အချက်အလက်ကိုတော့ ပြောလို့မရသေးဘူး “လို့ တာဝန်ရှိသူ တဦးဆိုသူက ပြောပါတယ်။
 
ဒါ့အပြင် ရင်စိန်ဆေးရုံနာမည်နဲ့ ဖေစ့်ဘုတ်စာမျက်နှာမှာ သူနာပြုဝန်ထမ်း ၂၅ ဦး အသစ်ခန့်ဖို့ ​ကြော်ငြာတခု ထွက်ပေါ်လာခဲ့ပြီးနောက် အချိန်အနည်းငယ်အကြာမှာ အဲ့ဒီကြော်ငြာ ပြန်ဖြုတ်ချသွားတာကိုလည်း ကျန်းမာရေး အသိုင်းအဝိုင်းက ဂရုပြုမိတယ်လို့ သိရပါတယ်။
 
#VoiceOfMyanamar #VOM #မြစ်ကြီးနား #ပုဂ္ဂလိကဆေးရုံ #သူနာပြု #လုပ်ခလစာ #ဆန္ဒပ

Related posts

Leave a Comment

VOM News

FREE
VIEW