ယူကရိန်းစစ်ပွဲ ၇ ရက်မြောက်အခြေအနေ

– ယူကရိန်းမှ, သေဆုံးသူ ၂၀၀၀ ကျော်သွားပါပြီ။
 
– တောင်ပိုင်း ခါဆွန်မြို့ကို ရုရှားဘက်က ထိန်းချုပ်လိုက်ပါပြီ။
 
– ရုရှားစစ်သား ၅၀၀ သေဆုံးပြီး ၁၆၀၀ ထိခိုက်ဒဏ်ရာရတယ်လို့ ရုရှားက တရားဝင် ထုတ်ပြန်လိုက်တယ်။
 
– ယူကရိန်းဘက်ကတော့ သေဆုံးတဲ့ ရုရှားစစ်သား ၆၀၀၀ ခန့် ရှိတယ်လို့ဆိုပါတယ်။
 
– ကုလသမဂ္ဂထုတ်ပြန်ချက်အရ ယူကရိန်းနိုင်ငံကနေ ထွက်ခွာလာတဲ့ စစ်ပြေးဒုက္ခသည် ၁ သန်းရှိသွားပါပြီ။
 
– McKenzie Intelligence Services က ထုတ်ပြန်လိုက်တဲ့ စက်တလိုက်ဓါတ်ပုံတွေ မှာတွေ့ရတဲ့ ရုရှားစစ်ယာဥ်တန်းက အခုအထိ နေရာက သိသိသာသာ မရွေ့သေးတာတွေ့ရပါတယ်။ ဒါဟာ ရုရှားဘက်က အခြေအနေကိုပြန်သုံးသပ်တာ ဖြစ်နိုင်သလို အင်အားပြန်စုတာလည်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင် ဆီပြတ်သွားလို့ သော်၎င်း စစ်သားတွေ စိတ်ဓါတ်ပျက်ပြားလို့သော်၎င်းဖြစ်နိုင်ပါတယ်။
 
– ရုရှားလေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယူကရိန်းဒုတိယမြို့တော် ကာခိဗ်မြို့လယ်ဟာ လုံးဝပျက်စီးသွားပါပြီ။
 
– ရုရှားလေထီးတပ်သားတွေဟာ ကာခိဗ် မြို့အနီးမှာ ဆင်းသက်လာခဲ့ပြီး မြို့ကို ထိန်းချုပ်ဖို့ကြိုးစားရာမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပါတယ်။
 
– ရုရှားတပ်တွေက မြို့တော်ကီယက်ဖ် နဲ့ မိုင်၅၀ အကွာမှာ ရောက်နေပြီး ဒီကနေ့မနက်မှာ ပေါက်ကွဲသံ ကြီးလေးကြိမ်ကြားရပါတယ်။
 
– ယူကရိန်းရဲ့ အဓိက ဆိပ်ကမ်းမြို့ Mariupol မာရီအာပိုလ် ကို ၁၅ နာရီကျော် တရစပ် လက်နက်ကြီးတွေ ရော့ကက်တွေ ဗုံးတွေနဲ့ တိုက်ခိုက်ခံရလို့ မြို့က ပြာပုံဖြစ်သွားပါပြီ။ ရုရှားတပ်တွေက မြို့ရဲ့ သော့ချက်အဆောက်အအုံတွေ အားလုံးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ အခုဆိုရင် မာရီအာပိုလ်မြို့မှာ လျှပ်စစ်မီးနဲ့ သောက်သုံးရေး လုံးဝပြတ်တောက်နေပြီး သေဆုံးသူထောင်ချီမယ်လို့ ခန့်မှန်းရပါတယ်။
 
– ရုရှားက သူ့နိုင်ငံထဲက သတင်းဝက်ဆိုက်တွေကို ပိတ်လိုက်ပြီး မမှန်မကန်သတင်းတွေ တင်ရင် ထောင်ဒဏ် ၁၅ နှစ်အထိပြစ်ဒဏ်ခံရမယ်လို့ သတိပေးလိုက်ပါတယ်။
 
– ရုရှားနိုင်ငံတော်ပိုင် RT ရုပ်မြင်သံကြားက ဝါဒဖြန့်သတင်းတွေ၊ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး လုပ်ကြံသတင်းတွေအလွန်အကျွံပြသနေတာကြောင့် ဗြိတိန် နဲ့ အီးယူနိုင်ငံတွေက RT Channel ပြသခွင့် ပိတ်ပင်လိုက်ပါတယ်။
 
– အမေရိကန် လေကြောင်းပိုင်နက်မှာ ရုရှား လေယာဉ်တွေ ပျံသန်းခွင့် ပိတ်ပင်တော့မယ်လို့ အမေရိကန်ကပြောပါတယ်။
 
– ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက ရုရှားကယူကရိန်းကိုကျူးကျော်တိုက်ခိုက်တာကို ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်ပါတယ်။
 
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၁ နိုင်ငံက ဒီအဆိုကိုမဲခွဲဆုံးဖြတ်ခဲ့ရာမှာ ၁၄၁ နိုင်ငံက ထောက်ခံခဲ့ပြီး၊ ရုရှားနဲ့ သူ့ရဲ့မဟာမိတ် ၄ နိုင်ငံဖြစ်ကြတဲ့ ဘဲလာရုစ် ၊ မြောက်ကိုရီးယား၊ ဆီးရီးယား၊ အီရီတြီယားစုစုပေါင်း ၅ နိုင်ငံကသာ ကန့်ကွက်မဲပေးခဲ့ပါတယ်။ ( တရုတ်က မဲမပေးဘဲနေပါတယ်)။
 
– သ ဟိဂ် မြို့ အပြည်ပြည်ဆိုင်ရာဇဝတ်တရားရုံး မှာ ရုရှားသမ္မတ ဗာဒီမီးယားပူတင်နဲ့ သူ့ရဲ့ အစိုးရ အဖွဲ့ကို စစ်ရာဇဝတ်မှု နဲ့ အရေးယူဖို့ နိုင်ငံ၃၈ နိုင်ငံက ထောက်ခံလိုက်ပါတယ်။
 
– ပြင်သစ်သမ္မတ မက်ကရောင်းက ဥရောပစစ်ပွဲဆိုတာ သမိုင်းစာအုပ်တွေထဲမှာ ရှိတာမဟုတ်ဘဲ ကျနော်တို့ မျက်စိအောက်မှာဖြစ်နေပြီလို့ ပြောလိုက်ပါတယ်။
 
– အိုင်ဖုန်း အိုင်ပက် ရောင်းတဲ့ Apple ကုမ္ပဏီကြီး က ရုရှားမှာ ပစ္စည်းရောင်းချမှုကို ပိတ်ပင်လိုက်ပါတယ်။
 
စစ်ရေးသုံးသပ်ချက်
 
ယူကရိန်းဘက်ကဖမ်းမိတဲ့ စစ်သုံ့ပန်းတွေနဲ့ လက်နက်ချလာတဲ့ ရုရှားစစ်သားတွေရဲ့ ပြောပြပုံအရ သူတို့ကို ၂ ပတ်သင်တန်းပေးပြီး ဘယ်ကိုသွားမယ်ဆိုတာကို မပြောဘဲခေါ်လာတာလို့ ဆိုပါတယ်၊ တစ်ဦးက သူမောင်းလာတဲ့ စစ်ယာဥ်က စက်ပျက်သွားတော့ ဒီအတိုင်းပစ်ခဲ့ပြီး လက်နက်ချ လိုက်တာ လို့ ဆိုပါတယ်။
 
အလားတူပဲ စစ်သုံ့ပန်း နောက်တစ်ယောက်ကလည်း သူတို့ကို ယူကရိန်းကို တိုက်ရမယ်ဆိုတာမပြောပဲ ခေါ်လာတယ်လို့ဆိုပါတယ်။
 
ရုရှားစစ်သားတွေက ဒီစစ်ပွဲကို နိုင်အောင်တိုက်ချင်တဲ့စိတ်ရှိရဲ့လားဆိုတာ မေးစရာဖြစ်လာပါတယ်။ ရုရှားတွေ စိတ်ဓါတ်ကျနေတဲ့ သတင်းတွေ စစ်ပွဲစကထဲက ကြားနေရပါတယ်။ ရုရှားစစ်ဗိုလ်ချုပ်ကြီးတွေက ရှေ့တန်းလွှတ်တဲ့ စစ်သားတွေကို ယူကရိန်းကို သွားတိုက်ရမယ်ဆိုတာကို ဖုံးကွယ်ထားတယ်လို့ သုံးသပ်ကြပါတယ်။ တစ်ဘက်မှာ ယူကရိန်းစစ်သားတွေ နဲ့ အရန်စစ်သားတွေက သူတို့တိုင်းပြည်ကို အသက်စွန့်ပြီးခုခံကာကွယ်ဖို့ ဆုံးဖြတ်ထားကြပါတယ်။ လက်နက်ချင်းမယှဥ်နိုင်ပေမယ့် ခိုင်မာတဲ့ စိတ်ဓါတ်ကြောင့် ယူကရိန်းဘက်က ကြံ့ကြံ့ခံနေနိုင်တာ ဖြစ်တယ်လို့ သုံးသပ်ကြသလို ရုရှားဘက်က အကျအဆုံးများပြီး ယူကရိန်းကို လွယ်လွယ်နဲ့ သိမ်းမရတဲ့အတွက် လက်နက်ကြီးတွေ နဲ့ အပြတ်ချေမှုန်းနေပါတယ်။
 
အနောက်နိုင်ငံတွေက လေကြောင်းရန်ကာကွယ်ရေးလေယာဥ်ပစ် အမြောက်တွေ ယူကရိန်းဆီကြိုပို့ထားတာကြောင့် ရုရှားဘက်က လေကြောင်းကနေ တိုက်ခိုက်မှုတွေ ကိုထိန်းထိန်းသိမ်းသိမ်းလုပ်နေတာလို့ အမေရိကန် အငြိမ်းစား ဗိုလ်ချုပ်ကြီး David Petraeus က ဆိုပါတယ်။
 
ဘီဘီစီ မြန်မာဌာနမှူးအငြိမ်းစား ဒေါ်တင်ထားဆွေရဲ့ စုစည်းတင်ပြမှုဖြစ်ပါတယ်။
 
photos-Getty Image

Related posts

Leave a Comment

VOM News

FREE
VIEW