ရှရှား -ယူကရိန်း စစ်ဖြစ်လို့ မြန်မာပြည်တွင်းစားတော်ပဲ ဈေးတက်ပြီး ထပ်တက်နိုင်ကြောင်း ပဲကုန်သည်တွေသုံးသပ်

မတ်၃-၂၀၂၃
SM(VOM)

ရှရှား -ယူကရိန်း စစ်ဖြစ်ပွားမှုကြောင့် မတ်လဆန်းပိုင်းရက်ကစပြီး ပြည်တွင်းသုံးကျွန်းစားတော်ပဲ ဈေးတက်လာသလို ဆက်တက်နိုင်ကြောင်း ပဲကုန်သည်တွေက ပြောပါတယ်။

ပြည်တွင်းကို တရုတ်လိုင်းကနေတင်သွင်းတဲ့ ကနေဒါ၊ယူကရိန်း ပဲတွေ ဝင်ရောက်လာခြင်းမရှိတော့တာကြောင့် ပြည်တွင်းကျွန်းစားတော်ပဲက ဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း လက်ရှိပေါက်ဈေးက နည်းနေသေးကြောင်း နှင့် မနှစ်က ပဲရာသီကုန် ပေါက်ဈေး တအိတ် ကျပ် ၃၀၀၀၀၀ ကျော်ခဲ့ ကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောပါတယ်။

“ ဒီရက်ပိုင်းပဲမာလိုင်းတွေ တစ်အိတ်ကျပ် ၅၀၀၀-၁၀၀၀၀ ဈေးမြင့်တက်လာတယ်။ ပို့ကုန်ပဲမဟုတ်ဘဲ ပြည်တွင်းသုံးပဲထဲ က ထူးထူးခြားခြား ဈေးမြင့်တက်လာတာကတော့ ကျွန်းစားတော်ပဲပါ ။ တစ်ရက်ကို ၁၀၀၀၀-၂၀၀၀၀ လောက်ဈေးတက်လာတာ ဒီနေ့ဆိုရင် တစ်အိတ်ကျပ် ၂၇၀၀၀၀ ထိ ပေါက်ဈေးဖြစ်သွားတယ်။ ဆက်တက်နိုင်ခြေရှိသေးသည်။ ကျွန်းစားတော်ပဲက ဖေဖော်ဝါရီလ ဆန်းပိုင်းပဲ အသစ်ဝင်လာချိန်မှာ တစ်အိတ်ကျပ် ၂၀၀၀၀၀ ထိ ဈေးနှိမ့်ဆင်းသွားတာပါ ။အဓိကအကြောင်းကတော့ ရှရှားနဲ့ ယူကရိန်းစစ်ပွဲဖြစ်တော့ ပြည်တွင်းကိုတင်သွင်းနေတဲ့ ကနေဒါ၊ယူကရိန်း စားတော်ပဲတွေ လုံး၀ မလာနိုင်တော့ဘူး။ နိုင်ငံခြားက တင်သွင်းတဲ့စားတော်ပဲတွေ အဝင်မရှိတော့ ဗမာကျွန်းစားတော်ပဲက ဈေးအရမ်းမြင့်တက် လာတယ်။ လက်ရှိမှာတော့ အရောင်းရှိသလောက် အကုန်ဝယ်ထားတယ်။ အခြား ပဲမာလိုင်းက စားသုံးမှုများတဲ့ မြေထောက်ပဲ လည်း ဈေးကောင်းလာတယ် တစ်အိတ်ကျပ် ၁၅၀၀၀၀ ထိ ပေါက်ဈေးရှိလာတယ်” လို့ ပြောပြပါတယ်။

၂၀၂၂ခုနှစ်ပဲရာသီအသစ်မပေါ်ခင်ဇန်နဝါရီလကုန်ပိုင်းရက်တွေက ပြည်တွင်းသုံးများတဲ့ ကျွန်းစားတော်ပဲဟာ သုံးတင်း ဝင်တစ်အိတ်ကျပ် ၃၁၀၀၀၀ ကျော်ထိ ပေါက်ရာက တရုတ်နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်ဝင်ရောက်လာချိန်နဲ့ ပြည်တွင်းပဲသစ်မျိုးစုံ အသစ်ပေါ်လာတော့ ဖေဖော်ဝါရီ လကုန်ပိုင်းမှာ သုံးတင်းတစ်အိတ်ကျပ် ၂၀၀၀၀၀ ထိဈေးကျဆင်းခဲ့ပါသေးတယ်။

အဲဒီလို ကျွန်းစားတော် အသစ်ဝင်ရောက်လာချိန် ဈေးကျဆင်းမှုရှိခဲ့ပေမယ့် ဖေဖော်ဝါရီ လကုန်ပိုင်းမှာ ယူကရိန်းနဲ့ ရှရှား စစ်ဖြစ်လို့ တရက် ကျပ် ၁၀၀၀၀-၂၀၀၀၀ နှုန်းနှင့် ဈေးတက်လာတာမှာ ၃သောင်းနားကပ်တဲ့ထိ ပေါက်ဈေးရှိ လာတာပါ။

ဒီနှစ် ပဲရာသီအသစ်ပေါ်ချိန်မှာ ကျွန်းစားတော် ဖြစ်ထွန်းမှုနည်းပါးပြီး အရင်နှစ်ထက် အထွက်နှုန်းကျဆင်းထားခြင်း ၊ နိုင်ငံခြားအစားထိုးပဲ ကနေဒါ၊ယူကရိန်းပဲများမဝင်ရောက်နိုင်ခြင်း ၊ပြည်တွင်းကျွန်းစားတော်ပဲမှာ စားသုံးရတာ အရသာပိုမိုကောင်းမွန်ခြင်းတို့ ကြောင့် လက်ရှိပေါက်ဈေးထက် ဆက်လက်မြင့်တက်လာနိုင်ကြောင်း ပဲကုန်သည်တွေက သုံးသပ်ထားပါတယ်။

ပြည်တွင်းပဲစျေးကွက်မှာ စျေးကွက်ကောင်းမွန်လာတဲ့ စားတော်ပဲကို စိုက်ပျိုးဒေသတွေဖြစ်တဲ့ မြစ်ဝှမ်းဒေသတွေမှာ တိုးချဲ့စိုက်ပျိုးဖို့ စိုက်ပျိုးရေးဝန်ကြီးဌာနကလည်း သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနတွေကို လမ်းညွှန်ထားကြောင်း သိရှိရပြီး မန္တလေးတိုင်းဒေသကြီးအတွင်း မိုးကုတ်၊ တကောင်း၊ စဉ့်ကူး ၊မတ္တရာ၊ အမရပူရ၊ မြင်းခြံမြို့နယ်တို့တွင် ပုံမှန်စိုက်ပျိုးမှု ဧက ၂၃၀၀ ကျော်မှ ယခုနှစ်ဆောင်းရာသီတွင် ဧက ၂၆၀၀ နီးပါးအထိ တိုးချဲ့ စိုက်ပျိုးထုတ်လုပ်သွားမယ်လို့ မန္တလေးတိုင်း စိုက်ပျိုးရေးဦးစီးဌာနကနေ သိရပါတယ်။

#voiceofmyanmar #VOM #စားတော်ပဲဈေးတက်

Related posts

Leave a Comment

VOM News

FREE
VIEW