လောင်စာဆီစျေး စံချိန်တင်မြင့်တက်မှုကြောင့် ပြည်သူတွေအခက်တွေ့နေ

မတ် ၄-၂၀၂၂
VOM (GG)
 
ပြည်တွင်း စက်သုံးဆီစျေးနူန်း တနေ့တခြားမြင့်တက်လာရာကနေ အခုဆိုရင် 92 တစ်လီတာကို ၂၂၀၀ ကျပ်နီးပါး နဲ့ ၉၅ တစ်လီတာ ၂၃၀၀ ကျပ်နီးပါး အထိ စံချိန်တင်စျေးနူန်းအဖြစ် မြင့်တက်လာတာတွေ့ရပါတယ်။
 
ပြည်တွင်းစက်သုံးဆီ လောင်စာဆီ စျေးတက်တဲ့အဓိက အချက်ကတော့ ကမ္ဘာ့ရေနံစျေးမြင့်တက်ခြင်းကြောင့် ဖြစ်သလို၊ယူကရိန်းနဲ့ရုရှား နှစ်နိုင်ငံစစ်ရေးအခြေအနေအပါအဝင်၊ ပြည်တွင်းနိုင်ငံရေးအခြေအနေကြောင့်လည်း စက်သုံးဆီစျေးက စံချိန်တင်နူန်းတခုအဖြစ် မြင့်တက်လာတာဖြစ်ပြီး စက်သုံးဆီစျေးဟာ ရှေ့ဆက်ပြီး အတက်ဘက်ကိုဦးတည်နေတယ်လို့ စက်သုံးဆီဖြန့်ဖြူးရောင်းချနေတဲ့လုပ်ငန်းရှင်ကပြောပါတယ်။
 
” ဆီစျေးတက်ရင် အရင်တုန်းက နိုင်ငံရေးတောင်မတည်ငြိမ်ဘူး။ အခုကတော့ မတည်ငြိမ်တဲ့ကာလပါဖြစ်နေတာပေါ့။ ကျနော့်အမြင်ကတော့ စျေးကတက်အုံးမှာ။စျေးတက်ဖို့အလားအလာရှိတယ်။98 % လောက်ကပြည်ပကနေတင်သွင်းရတာပဲ၊ပြည်တွင်းက ၂ % လောက်ပဲရတာ ။ စျေးတက်တာကတော့ ကမ္ဘာ့ရေနံစိမ်းတက်တော့ အချောစျေးလည်းတက်တာပေါ့။ဆီစျေးတက်တော့ အကုန်လိုက်တက်ကြရော “လို့ အမည်မဖော်လိုသူ စက်သုံးဆီဖြန့်ဖြူးရောင်းချနေသူတဦးကပြောပါတယ်။
 
လက်ရှိ မတ်လ ၄ ရက်နေ့မှာ ၉၂ တစ်လီတာကို၂၁၈၀ ကျပ်အထိ ရောင်းချနေပြီး၊ ၉၅ တစ်လီတာကို ၂၂၉၀ ကျပ်၊ ပရီမီယံ ဒီဇယ် တစ်လီတာကို ၂၂၀၅ ကျပ်၊ ဒီဇယ် တစ်လီတာကို ၂၁၈၀ ကျပ် အထိ ရှိနေပါတယ်။
 
ပြည်တွင်းမှာ စက်သုံးဆီစျေးနူန်း စံချိန်တင်မြင့်တက်နေပေမယ့် ဆီပြတ်လတ်မှာကိုတော့ စိုးရိမ်စရာ မရှိဘူးလို့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။
 
“ဆီကတော့မပြတ်နိုင်ဘူး။သိုလှောင်နိုင်တဲ့ပမာဏကအများကြီးရှိနေသေးတယ်။ Fully ဖြစ်နေတယ်လို့တောင်ပြောလို့ရတယ် ။လက်ကျန်မှာ သန်း ၉၀လောက်ရှိတယ်။မပြတ်နိုင်ဘူး။ပြတ်စရာအကြောင်းမရှိဘူး။စျေးတက်တာကတော့ ကမ္ဘာ့ရေနံစျေးတက်တော့အချောစျေးလည်းတက်တာပေါ့။ဒီနေ့ဆို ၁၀ ဒေါ်လာစီတက်တယ်၊နိုင်ငံခြားစျေးတက်လို့လိုက်တက်တာ ” လို့ ပြောပါတယ်။
 
အခုလို စက်သုံးဆီစျေး စံချိန်တင်မြင့်တက်လာမှုက သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေအပါအဝင် နယ်ပယ်အသီးသီးရှိလုပ်ငန်းများကို ရိုက်ခတ်မှုရှိသလို အခြေခံ စားသောက်ကုန်ပစ္စည်းတွေစျေးနူန်းလည်း မြင့်တက်ရောင်းချလာတာကြောင့် အခြေခံလူတန်းစားတွေအပါအဝင် လူတန်းစားအားလုံးအတွက် အဆင်မပြေမှုတွေရင်ဆိုင်နေရပါတယ်။
 
” ပစ္စည်းတွေက အကုန်အတက်ကြီးပဲ။ ဓာတ်ဆီစျေးတွေတက်လို့ သယ်ယူစရိတ်တွေလည်းတက်တယ် ဘာညာပေါ့။ စျေးကတော့ အရင်ကတည်းကတက်နေတာပါ။ အခုဆီစျေးကတက်တော့ သူတို့ပိုပြောကောင်းနေတာပေါ့။ တက်တော့လည်းဘယ်တတ်နိုင်မလဲ ၊သူတို့ပါးစပ်ထဲပေါ့။ အခုဆိုဓာတ်ဆီစျေးကလည်း မနေ့က ၁၉၆၀ ၊ အခု ၂၁၀၀ ကျော်တဲ့ ၊ နောက်ဆုံးတော့ကျနော်တို့ပြည်သူတွေပဲ ဒုက္ခရောက်ကြရတာပဲ ” လို့ ပြည်သူတဦးကပြောပါတယ်။
 
ပြည်နယ်နဲ့တိုင်းဒေသကြီးတွေထဲမှာ စက်သုံးဆီစျေး အမြင့်ဆုံးဖြစ်နေတာက စစ်ကိုင်းတိုင်း ဖြစ်ပါတယ်။
 
ပြည်တွင်း စက်သုံးဆီစျေးဟာ လက်ရှိ နစက လက်ထက်မှာ စံချိန်တင်နူန်းအဖြစ် မြင့်တက်လာတာဖြစ်ပြီး ၊ ယခင် ၂၀၂၀ ခုနှစ်မှာဆိုရင် ၉၂ တစ်လီတာကို ၃၀၀ ကျပ်ကျော်၊ ၉၅ တစ်လီတာကို ၄၀၀ ကျပ်ကျော်အထိ အနိမ့်ဆုံး စျေးနူန်းရှိခဲ့ပါတယ်။
 
#VoiceOfMyanamr #VOM #လောင်စာဆီစျေး #စံချိန်တင်မြင့်တက် #ပြည်သူအခက်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW