ရုရှားက ဓါတုလက်နက်တွေ သုံးလာနိုင်ဖွယ်ရှိ၊ အမေရိကန်က ယူကရိန်းကို လက်နက် ဒေါ်လာသန်း ၂၀၀ ဖိုးထပ်ပို့မည်

ဝါရှင်တန်၊ မတ်-၁၃-၂၀၂၂
မျိုးဆက်(VOM)
 
ရုရှားဟာ ယူကရိန်းကိုကျူးကျော်ပြီးနောက် ဓါတုလက်နက်တွေအသုံးပြုလာနိုင်တယ်လို့ နေတိုးအတွင်းရေးမှူးချုပ် ယန်စတိုတင်ဘာ့ဂ်က သတိပေးပြောဆိုလိုက်ပါတယ်။
 
မကြာသေးမီအချိန်အတွင်းက ယူကရိန်းမှာ ဓါတုပစ္စည်းနဲ့ ဇီ၀လက်နက် ဓါတ်ခွဲခန်းတွေရှိတယ်ဆိုတဲ့ ရုရှားရဲ့ စိတ်ပျက်ဖွယ်ပြောဆိုမှုတွေကို ကြားသိခဲ့ရကြောင်း၊ ဒီလိုလုပ်ကြံပြောဆိုမှုတွေအောက်မှာ ရုရှားဟာ ဓါတုလက်နက်တွေ သုံးနိုင်တဲ့ အစီအစဉ်ရှိလာနိုင်တာကြောင့် မိမိတို့ နိုးနိုးကြားကြားရှိနေရမယ်လို့ နေတိုးအကြီးအကဲက ဂျာမန်သတင်းဌာနတစ်ခုနဲ့ အင်တာဗျူးမှာ ပြောဆိုပါတယ်။
 
ရုရှားဟာ ယူကရိန်းမှာ ဓါတု သို့မဟုတ် ဇီ၀လက်နက်အသုံးပြုတာ သို့မဟုတ် ဒါတွေကိုအသုံးပြုပြီး ယူကရိန်းကို စွပ်စွဲတိုက်ခိုက်မှုပြုနိုင်ခြေနဲ့ပတ်သက်ပြီး စောင့်ကြည့်ရမယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျန်ပက်စကီကလည်း ပြောဆိုထားပါတယ်။
 
အမေရိကန်ကတော့ ရုရှားရဲ့ခြိမ်ခြောက်မှုခံနေရတဲ့ ယူကရိန်းအတွက် ဒေါ်လာသန်း ၂၀၀ ဖိုးရှိတဲ့ လက်နက်တွေ ထပ်မံထောက်ပံ့ပေးမယ်လို့ နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က မတ် ၁၂ ရက်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
 
အဲဒီလက်နက်တွေထဲမှာ လက်နက်ငယ်တွေ၊ တင့်ကားဖျက် နဲ့ လေယာဉ်ဖျက်လက်နက်တွေ ပါ၀င်မှာဖြစ်ပါတယ်။ ယူကရိန်းရဲ့ အချုပ်အခြာနဲ့ နယ်မြေပိုင်ဆိုင်မှုကို အမေရိကန်ကထားရှိတဲ့ ကတိက၀တ်အတိုင်း ယူကရိန်းလိုအပ်တာတွေကို ဆက်လက်ထောက်ပံ့သွားမယ်လို့ ဘလင်ကင်က ပြောပါတယ်။
 
Ref: NHK
Photo:AP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW