မုံရွာ မြို့ရှောင်လမ်းမှာ လူသတ်၊ပစ္စည်းလုခံရတဲ့ ဖြစ်စဥ်တွေ မကြာခဏဖြစ်ပေါ်နေ

မတ် ၂၀-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ အောင်မင်္ဂလာအဝိုင်းပတ်နဲ့ ဆွမ်းအုပ်အဝိုင်းပတ်အကြား မြို့ရှောင်လမ်းမကြီးမှာ နေ့လယ်ခင်းအချိန်တွေမှာ လူသတ်၊ပစ္စည်းလုတဲ့ ဖြစ်စဥ်တွေ မကြာခဏဖြစ်ပွားနေတယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

” မနေ့(မတ် ၁၉)ရက် ညနေပိုင်းမှာ ဆိုင်ကယ်စီးလာတဲ့ ကောင်းမလေး ၂ ယောက် ပစ္စည်းလုခံရတယ် ၊ လုတဲ့သူတွေက ဓားနဲ့ခုတ်လို့ ကောင်မလေးတယောက်သေပြီး ၊ ကျန်တယောက်က ဒဏ်ရာရခဲ့တယ် ၊ သေဆုံးသူက ကျွဲရဲကျေးရွာမှာနေတယ်လို့ ကနဦး သိထားရတယ် ” လို့ အဲ့ဒီလူနာတွေကို သွားရောက်ကူညီပေးခဲ့တဲ့ လူမှုကူညီရေးအသင်း ပရဟိတသမားတယောက်က ပြောပါတယ်။

ဒါ့အပြင် အခု မတ်လ ၁၈ ရက် နေ့လယ်ပိုင်းကလည်း အောင်မင်္ဂလာ ကျွဲရဲအဝိုင်းပတ်နားက မြို့ရှောင်လမ်းနဲ့ ဝေဇယန္တာလမ်းဆုံးနေရာမှာ လူတယောက် ပစ္စည်းလုခံရပြီး ၊ လုတဲ့သူတွေက ဓားနဲ့ ခုတ်ထားခဲ့တာကြောင့် ပြင်းထန်ဒဏ်ရာ ရခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါသေးတယ်။

” အခုလထဲမှာ အဲ့ဒီမြို့ရှောင်လမ်းတလျှောက် အလားတူ ပစ္စည်းလုခံရတာ ၊ လုတဲ့သူတွေက ဓားနဲ့ခုတ်ထားခဲ့တာ လေးငါးကြိမ်ရှိတယ် ၊ ဓားနဲ့အခုတ်မခံရဘဲ ပစ္စည်းပဲပါသွားတာလည်း သုံးလေးကြိမ်ရှိတယ်လို့ ကြားရတယ် ” လို့ ပြည်တော်သာရပ်ကွက်နေသူတဦးက ပြောပါတယ်။

အဲ့ဒီလို မြို့ရှောင်လမ်းမှာ သွားလာနေတဲ့ လူတချို့ ပစ္စည်းလုခံရပြီး ဓားခုတ်ခံရတဲ့ ဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ မုံရွာခရိုင်ရဲတပ်ဖွဲ့ရုံးကို မေးမြန်းကြည့်တဲ့အခါ”မြို့ရှောင်လမ်းဘက်မှာ ပစ္စည်းလုယက်ခံရတဲ့ ဖြစ်စဥ်တွေရှိတယ် ၊ အဲ့ဒီဖြစ်စဥ်တွေကို ဖော်ထုတ်အရေးယူနိုင်ဖို့ ဆောင်ရွက်နေပါတယ် ” လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ အခုလို ပစ္စည်းလုယက်ခံရတဲ့ ဖြစ်ရပ်တွေအပြင် လူနေအိမ်ဝန်းခြံက သံတံခါးကို ခတ်ထားတဲ့ သော့ကို ငရဲမီးနဲ့ ဖျက်ဆီးကာ ခြံဝန်းထဲက ဇက်သော့ခတ်ထားတဲ့ ကလစ်ဆိုင်ကယ် ခိုးယူခံရတဲ့ ဖြစ်စဥ်တွေလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #မြို့ရှောင်လမ်း #လူသတ်ပစ္စည်းလု #မကြာခဏဖြစ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW