လပွတ္တာမြို့ပေါ်ကို ကမ်းရိုးတန်နဲ့နီးစပ်တဲ့ ကျေးရွာအချို့က လူဦးရေ ရာနဲ့ချီ မုန်တိုင်းရှောင်ဖို့ရောက်လာ

မတ် ၂၁-၂၀၂၂
KK(VOM)

ကမ်းရိုးတန်းနဲ့နီးတဲ့ ကျေးရွာအချို့မှ နေထိုင်သူတွေဟာ ဒီကနေ့ မနက်ပိုင်းကစလို့ မုန်တိုင်းရှောင်ဖို့အတွက် လပွတ္တာမြို့ပေါ်ကို လူဦးရေ ရာနဲ့ချီ ရောက်ရှိလာတယ်လို့ လပွတ္တာမြို့ခံတွေဆီက သိရပါတယ်။

လပွတ္တာမြို့ပေါ်ကို ဒီကနေ့မနက်ပိုင်းက ဟိုင်းကြီးကျွန်းဘက်နဲ့ပြင်စလူဘက်မှာ နေထိုင်သူအချို့ မုန်တိုင်းရှောင်လာကြသလို မြစ်ပေါက်ကျေးရွာအုပ်စုထဲက ကိုင်းတော၊ကနစိုငုတ်၊ဖိုးနကို၊အုန်းပင်စု၊ ဇီးဖြူ၊ကြောင်လျှာ၊အဝပိတ် အစရှိတဲ့ကျေးရွာတွေကတော့ ဘီတွတ်ကျေးရွာမှာ မုန်တိုင်းရှောင်နေကြတယ်လို့ အမှတ် ၅ ရပ်ကွက်နေသူတဦးကပြောပါတယ်။

“ဒီလို မုန်တိုင်းရှောင်ဖို့ရောက်လာသူ လူဦးရေ (၅၀၀)နီးပါးရှိမယ်၊ မြေပြင်အနေအထားသိရပေမယ့် အဲ့ဒီပမာဏထက် ပိုများနိုင်တယ်”လို့ သူကပြောပါတယ်။

မြစ်ပေါက်ကုန်းကျေးရွာအုပ်စုနေသူတဦးက” ညီမအသက် ၉နှစ်လောက်ပဲရှိအုံးမယ် နာဂစ်တုန်းက ကံကောင်းချင်တော့ ရန်ကုန်မှာ ဆွေမျိုးတွေသေကုန်တယ်၊ အခု မုန်တိုင်းသံကြားတော့ ကြောက်တယ်၊ အမျိုသားကလည်း ပဲခူးမှာအလုပ်လုပ်နေတယ်၊ ညီမတို့က မြစ်နဲ့နီးတယ် ဘာလုပ်ရမှန်းမသိဘူး၊ အဲ့ဒါကြောင့် ကလေးခေါ်ပြီး ဒီဘက်မှာလာရှောင်တာ “လို့ ပြောပါတယ်။

လပွတ္တာမြို့နယ် နှလုံးသား ကျန်မားရေးစောင့်ရှောက်မှုအဖွဲ့က တာဝန်ရှိသူတဦးကလည်း “ရောက်လာတာက အများကြီးပဲ၊ သူတို့က ဆွေမျိုးနီးစပ်အိမ်တွေနဲ့ဘုန်ကြီးကျောင်းတွေကိုသွားကြတယ်၊ လူက ရေတွက်လို့မရသေးဘူး”လို့ ပြောပါတယ်။

မုန်တိုင်းရှောင်လူဦးရေ တစ်ရာခန့်မှာ အကြောင်းကြားခြင်းမရှိဘဲ ရောက်ရှိလာတဲ့အတွက် နေထိုင်ဖို့အဆင်ပြေပေမယ့်လည်း စားသောက်စရိတ်အတွက် လက်တလောမှာ အခက်အခဲဖြစ်ရတယ်လို့ လပွတ္တာမြို့နယ် ကိုးနဝင်းစာသင်တိုက်မှ ဆရာတော်ဦးပညာဓဇက မိန့်ကြားပါတယ်။

အာစနီမုန်တိုင်းဝင်ရောက်မယ်ဆိုတဲ့ထုတ်ပြန်ချက်တွေ ထုတ်ပြန်ပြီးနောက်ပိုင်း လပွတ္တာမြို့နယ်မှာ ရပ်ကွက်နဲ့ကျေးရွာအလိုက် မုန်တိုင်းအန္တရယ်ကြိုတင်ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားတယ်လို့ ဘီတွတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်တင့်က ပြောပါတယ်။

“ကျနော်တို့က အဖွဲ့လိုက် အပိုင်းလိုက် ဖွဲ့ထားတယ်၊ ဖြစ်လာရင် ထားဖို့ ဘုန်းကြီးကျောင်းသုံးကျောင်း စာသင်ကျောင်းတစ်ကျောင်းကို စီစဥ်ထားတယ်၊ လူငယ်တွေ စည်းရုံးပြီးအဖွဲ့လေးတွေ လုပ်ထားတယ်၊ ကြိုတင်ကာကွယ်တဲ့အနေနဲ့ သက်ကြီးရွယ်အိုတွေ ကိုယ်ဝန်ဆောင်မိခင်တွေ နာမကျန်းဖြစ်နေတဲ့သူတွေကို ဒီညနေ အဲ့ဒီနေရာတွေကို ရွှေ့ထားမယ်၊ ရေဂါလံ ၅၀၀၀ ရှိတယ် သောက်ဖို့အတွက် ဘုန်းကြီးကျောင်းမှာလည်း ရေဂါလံ ၄၀၀၀ စုထားတယ် ဆေးဝါးတွေကအစ၊ ငွေကြေးတက်နိူင်သူတွေက လပွတ္တာမြို့ပေါ်တက်ပြီး ရှောင်ကြတယ်၊ မတက်နိူင်သူတွေက ကျေးရွာတွေမှာ ရှောင်ကြတယ်”လို့ သူက ​ပြောပါတယ်။

လက်တလောအခြေအနေအရ ကိုးနဝင်းစာသင်တိုက်မှာ လူဦးရေ ၁၀၀၊ဘီတွတ်ကျေးရွာမှာ လူဦးရေ ၂၀၀နဲ့ အခြားစာသင်ကျောင်းတွေမှာ လူဦးရေ၂၀၀ ရှိတယ်လို့ သိရပြီး အခြားမသိရသေးတဲ့ မုန်တိုင်းရှောင်သူတွေလည်း ရှိနေတယ်လို့ သူက ဆက်ရှင်းပြပါတယ်။

ချောင်းသာမြို့နယ်မှာတော့ တည်းခိုခန်းမှာ လာရောက်တည်းခိုသူတွေကို အုပ်ချုပ်ရေးပိုင်းဆိုင်ရာက နေအိမ်ကို ပြန်လည်စေလွှတ်နေတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မတ်လ ၃ ရက်က ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူဦးရေသိန်းနဲ့ချီသေဆုံးခဲ့တာဖြစ်ပြီး လူဦးရေအများဆုံးသေဆုံးမှုဟာ လပွတ္တာမြို့နယ်နဲ့ ဘိုကလေးမြိုနယ်လည်း ပါဝင်ခဲ့တယ်လို့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

#voiceofmyanmar #VOM #လပွတ္တာ #မုန်တိုင်းလာရှောင်သူ #ရာနဲ့ချီရှိ

Related posts

Leave a Comment

VOM News

FREE
VIEW