စစ်ကိုင်းတိုင်းရဲ့ ဝင်ပေါက်နေရာတွေမှာ ဒီကနေ့မနက်ကစပြီး ခရီးသွားတွေကို မှတ်ပုံတင် စစ်ဆေးနေ

ဧပြီ ၊ ၁-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်းရဲ့ဝင်ပေါက်နေရာတွေကနေ ဝင်ရောက်လာတဲ့ ခရီးသွားတွေကို ဒီကနေ့မနက်ပိုင်းကစလို့ နိုင်ငံသားမှတ်ပုံတင် စစ်ဆေးတာ အရေးယူတာတွေ စတင်လုပ်ဆောင်နေပြီလို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။

” အဖွဲ့စုံနဲ့ စစ်ဆေးနေတာပါ ၊ ယာဥ်အားလုံးကို စစ်ဆေးနေတာဖြစ်ပြီး ၊ မှတ်ပုံတင် မပြနိုင်ဘူးဆိုရင် အရေးယူမယ်လို့ သိရတယ် ၊ ဘယ်လို အရေးယူမယ်ဆိုတာတော့ ရှင်းရှင်း လင်းလင်း မသိရသေးဘူး ” လို့ ဒီကနေ့မနက် မန္တလေးဘက်ကနေ စစ်ကိုင်းတိုင်းကို ဝင်လာတဲ့ ခရီးသည်တင် ကားသမားတဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရုံးနဲ့ နီးစပ်သူတဦးက ” မှတ်ပုံတင်စစ်ဆေးတာတွေ စလုပ်နေတာဖြစ်တယ် ၊ ခရီးသွားတွေအနေနဲ့ မှတ်ပုံတင်ကို တပါးတည်း ယူဆောင်ကြဖို့ နှိုးဆော်ထားတာ ကြာပြီဖြစ်တယ် ၊ မှတ်ပုံတင် မပြနိုင်ဘူးဆိုရင် ၊ သက်ဆိုင်ရာ ရဲစခန်းကို အမှုနဲ့ အလိုရှိနေတဲ့သူ ဟုတ်၊မဟုတ် မေးမြန်ဆက်သွယ်မယ် ၊ အချက်အလက် အထောက်အထားယူမယ် ၊ ပညာပေး ဟောပြောမယ် ၊ ခိုင်လုံမှုမရှိတဲ့သူတွေကို ရဲစခန်းက စစ်ဆေးအရေးယူသွားမယ် ” လို့ ပြောပါတယ်။

အဲ့ဒီလို စစ်ဆေးနေတဲ့ နေရာတွေနဲ့ပတ်သက်ပြီး ကားသမားတွေကတော့ ” တမူး-ကလေးကားလမ်း ခမ်းပတ်ဂိတ် ၊ မြစ်ကြီးနား-ရွှေဘိုကားလမ်းမှာ စပယ်နံ့သာ စစ်ဆေးရေးဂိတ်နဲ့ ရွှေဘိုအဝင်ဂိတ် ၊ ဂန့်ဂေါ-ကလေး-မုံရွာကားလမ်း ပုလဲဂိတ် ၊ ကလေး-ကလေးဝ-တန့်ဆည်-ရေဦး-ဒီပဲယင်း-ဘုတလင် ၊ မုံရွာကားလမ်း မုံရွာမြို့ဝင်ဂိတ် ၊ ပခုက္ကူ-ရေစကြို-ချောင်းဦး ဆင်ဖြူရှင်ကားလမ်း ချောင်းဦးအဝင်ဂိတ်နဲ့ မုံရွာ-မန္တလေး ကားလမ်း စစ်ကိုင်း ရတနာပုံတံတားဂိတ်နေရာတွေမှာဖြစ်ပြီး ကျန်မြို့ဝင် မြို့ထွက် နေရာတွေမှာလည်း စစ်ဆေးရေးဂိတ်တွေက စစ်ဆေးနေတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းဟာ ချင်းပြည်နယ် ၊ မကွေးတိုင်း ၊ ကချင်ပြည်နယ် နဲ့ မန္တလေးတိုင်း၊ အိန္ဒိယနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး အဲ့ဒီ နယ်စပ်မျဥ်း တလျောက် စစ်ဆေးရေးဂိတ်တွေ ဖွင့်ကာ ဒီကနေ့ကစလို့ ခရီးသွားတွေကို မှတ်ပုံတင် စစ်ဆေးနေတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #အဝင်ပေါက် #မှတ်ပုံတင်စစ်ဆေးနေ

Related posts

Leave a Comment

VOM News

FREE
VIEW