မူဆယ်က ရဲအုပ်တဦးအပါအဝင် ရဲဝန်ထမ်း ၅ ဦး အသတ်ခံရတဲ့ ဒဏ်ရာတွေနဲ့ တွေ့ရှိ

ဧပြီ ၁-၂၀၂၁
Shy V (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့‌မှာ မတ်လ ၃၀ ရက်နေ့က ပျောက်ဆုံးနေတယ်လို့ သတင်းထွက်ပေါ်နေတဲ့ ရဲအုပ်တဦး အပါအဝင် ရဲဝန်ထမ်း ၅ ဦးကို မတ်လ ၃၁ ရက် ညနေပိုင်းက ရှူဘုတ်ကောင်းခါးရွာအနီး၊ မုံးပေါ်သွားတဲ့ လမ်းဘေးမှာ သတ်ဖြတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ ဒေသခံတွေဆီက သိရပါတယ်။

“မုန်းပေါ်သွားတဲ့ လမ်းဘေးမှာ အလောင်းတွေတွေ့တယ်။ ညနေ ၅ နာရီ လောက်မှ သိရတော့ ဘယ်ပရဟိတကမှ သွားမကောက်ရဲဘူး။”လို့ ရဲနဲ့ အသိုင်းအဝိုင်းနဲ့ နီးစပ်သူ ၁ဦးက ပြောပါတယ်။

‌သတ်ဖြတ်ခံခဲ့ရတဲ့ ရဲဝန်ထမ်းတွေကတော့ ပန်ခမ်းတံတားနဲ့ မြဝတီဘဏ်တွေမှာ တာဝန်ကျသူတွေပါဝင်ပြီး ရဲအုပ် ၁ ဦး၊ ရဲတပ်ကြပ် ၂ ဦး၊ ဒု-တပ်ကြပ် ၁ ဦး၊ ရဲတပ်သား ၁ ဦး ပါဝင်တယ်လို့ သိရပါတယ်။

” အဲဒီရဲ ၅ ဦးကို မတ်လ ၃၀ ရက်ညပိုင်းက တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် အဓိကကုန်သွယ်ရာ ကျင်းစန်းကျော့ဘက်ကနေ ဘယ်အဖွဲ့အစည်းကမှန်းမသိဘဲ ခေါ်သွားတာ၊ ဖမ်းသွားပြီးတော့ အဲဒီမှာ သတ်ပစ်လိုက်တယ် ပြောတယ်။ ရှူဘုတ် ဆိုတာ မုံးပေါ် အပေါ်ဘက်လေ။ မုံးပေါ် ဒီဘက်နားလေးမှာလေ။ သဲ ရှိတဲ့ နေရာလေ။”လို့ အမည်မဖော်လိုသူ နယ်စပ်ဒေသခံ ၁ ဦးက ပြောပါတယ်။

အဲ့ဒီ အလောင်းတွေကိုတော့ စစ်တပ်နဲ့ ရဲက ကောက်သွားတယ်လို့လည်း သိရပြီး ဘာကြောင့် အသတ်ခံရတာလဲ ဆိုတာနဲ့ ဘယ်အဖွဲ့က ပြုလုပ်သွားတယ်ဆိုတာကိုတော့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ပြီးခဲတဲ့ နှစ်ကုန်ပိုင်းကလည်း ကျင်းစန်းကျော့ဘက်မှာ မူဆယ်က ရဲအရာရှိ ၁ ဦး သေနတ်နဲ့ အနီးကပ်ပစ်သတ်ခံခဲ့ရဖူးပါတယ်။

အခု ရဲတပ်ဖွဲ့ဝင်အလောင်းတွေ တွေ့ခဲ့တဲ့နေရာက ရှူဘုတ်ကောင်းခါးရွာမှာတော့ ကေဘီစီက စေတနာ့ဝန်ထမ်း‌ ကျောင်းဆရာမ ၂ ဦး အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ်လည်း ရှိခဲ့ပေမယ့် လက်ရှိအချိန်ထိ အမှုမှန် မပေါ်ပေါက်သေးပါဘူး။

ဒါ့အပြင် အဲဒီမုံးပေါ်လမ်းကြောဘက်မှာတော့ မူးယစ်ဆေးဝါးလုပ်ကိုင်သူတွေ ပေါများပြီး အုပ်စုဖွဲ့ ဓားပြတိုက်၊လုယက်မှုတွေ မကြာခဏ ဖြစ်ပွားတတ်သလို လူသတ်မှုတွေလည်း ဖြစ်ဖူးတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

Photo-CJ
#voiceofmyanmar #VOM #မူဆယ် #ရဲ၅ဦး #အသတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW