ယူကရိန်းစစ်ပွဲ ခန့်မှန်းချက်မှားယွင်းမှု ပြင်သစ်စစ်ထောက်လှမ်းရေးအကြီးအကဲ ရာထူးမှ ထုတ်ပယ်ခံရ

ပါရီ၊ ဧပြီ-၁-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကြိုတင်ခန့်မှန်းချက် မှားယွင်းခဲ့တာကြောင့် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး အဲရစ်ဗီဒေါ့ဒ်ဟာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

ရုရှားက ယူကရိန်းကို အပြည့်အ၀ကျူးကျော်တိုက်ခိုက်ဖို့ စီစဉ်နေကြောင်း အမေရိကန်က မှန်ကန်စွာ အကဲဖြတ်ခဲ့ပြီး ပြင်သစ်နိုင်ငံကတော့ မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး အဲရစ်ဗီဒေါ့ဒ်ကို ပြင်သစ်စစ်တပ်အကြီးအကဲက အပြစ်တင်ခဲ့တယ်လို့ သတင်းရင်းမြစ်တဦးကပြောပါတယ်။

ဒါပေမယ့် သူ့ရဲ့တာ၀န်ဟာ ကြိုတင်ခန့်မှန်းပြင်ဆင်ရခြင်းမဟုတ်ဘဲ စစ်ဆင်ရေးအတွက် စစ်ထောက်လှမ်းရေး အချက်အလက်တွေပံ့ပိုးပေးဖို့သာဖြစ်ကြောင်း ပြင်သစ်စစ်ဘက် သတင်းရင်းမြစ်တဦးက အေအက်ဖ်ပီသတင်းဌာနကိုပြောပါတယ်။

ဗိုလ်ချုပ်ကြီး အဲရစ်ဗီဒေါ့ဒ် ရာထူးမှနှုတ်ထွက်ခြင်းနဲ့ပတ်သက်ပြီး ပြင်သစ်ကာကွယ်ရေး၀န်ကြီးဌာနက မှတ်ချက်ပြုပြောဆိုခြင်းမရှိပါဘူး။ သူဟာ အထူးစစ်ဆင်ရေးကွပ်ကဲမှုဌာနမှာ ယခင်က တာ၀န်ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်ထောက်လှမ်းရေးအကြီးအကဲအဖြစ် ပြီးခဲ့တဲ့ နွေရာသီမှာ ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။

သမ္မတမက်ခရွန်ရဲ့ ပြင်သစ်အစိုးရ ထိပ်တန်းတာ၀န်ရှိသူတွေဟာ ရုရှားက ယူကရိန်းကို အပြည့်အ၀ ကျူးကျော်ဖို့ အကြံပြုချက်မရှိကြောင်းအခိုင်အမာပြောဆိုခဲ့ကြပြီး သမ္မတမက်ခရွန်ဟာ နောက်ဆုံးအချိန်ထိ သံတမန်ရေးရာအားထုတ်မှုအဖြစ် ကရင်မလင်နန်းတော်မှာ ပူတင်နဲ့ လူချင်းတွေ့ဆုံဆွေးနွေးခဲ့ပြီး သမ္မတဂျိုးဘိုင်ဒင်နဲ့လည်း ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

Ref: BBC
Photo:ECPAD
#voiceofmyanmar #VOM #ပါရီ

Related posts

Leave a Comment

VOM News

FREE
VIEW