ရခိုင်မှာ မိုးသက်လေပြင်းကြောင့် လူနေအိမ်တွေပျက်စီးပြီး လူသေဆုံးမှုရှိ

ဧပြီ ၂၀-၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ ဒီကနေ့ နေ့လယ်ပိုင်းက မိုးသက်လေပြင်းကျရောက်ခဲ့ပြီး လူနေအိမ်တွေ ပျက်စီးဆုံးရှုံးမှုနဲ့ လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

လေပြင်းတိုက်ခတ်မှုဟာ ကျောက်တော်၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေမှာ ပြင်းပြင်းထန်ထန်တိုက်ခတ်ခဲ့တာဖြစ်ပြီး ကျောက်တော်မြို့နယ်မှာ လူသေဆုံးမှုအထိရှိခဲ့တာဖြစ်ပါတယ်။

လူသေဆုံးမှုဟာ ကျောက်တော်မြို့နယ် အုတ်ကြွတ်ကျေးရွာမှာ ​ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျေးရွာအနီး ကုလားတန်မြစ်ကြောင်းအတိုင်း ကိုယ်ပိုင်လှေကို ရွာသို့ယူလာချိန် ရေလမ်းတဝက်မှာ လှေနှစ်စီးကြားညှပ်ကာ သေဆုံးသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ရသေ့တောင်၊ မင်းပြား၊ မြေပုံနဲ့ စစ်တွေမြို့နယ်တို့မှာ လေပြင်းတိုက်ခတ်မှု အနည်းငယ်ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ်ဒေသခံ ကိုဇော်ဝင်းက ” ကျောက်တော်မြို့ပေါ်မှာနဲ့ စစ်ဘေးရှောင်စခန်းတွေမှာပါ အပျက်စီးတွေရှိခဲ့ပါတယ်။ အရေအတွက်အတိအကျကိုတော့ မသ်ိသေးဘူး။ စစ်ဘေးရှောင်စခန်းတွေကတော့ အရမ်းဆိုးဆိုးဝါးဝါး ပျက်စီးမယ်ထင်ပါတယ်” လို့ ပြောပါတယ်။

မြောက်ဦးမြို့နယ်မှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်နဲ့ နယ်ဖက်က စစ်ဘေးရှောင်စခန်းတွေမှာ တဲအိမ်အများအပြား ပျက်စီးဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

မြောက်ဦးမြို့နယ်၊ ပီပင်ရင်းကျေးရွာအုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတဦးက” ကျနော်တို့ရွာမှာလည်း နေအိမ်တွေ ပျက်စီးသွားတာရှိပါတယ်။ ရွာဘုန်းကြီးကျောင်းက စစ်ဘေးရှောင်စခန်းမှာလည်း တဲအိမ်တွေပျက်စီးသွားပါတယ်။ အတိအကျကို စာရင်းကောက်နေပါတယ်” လို့ ပြောပါတယ်။

အဲဒီလို ရခိုင်ပြည်နယ်အတွင်း ရုတ်တရက် မိုးသက် လေပြင်းတိုက်ခတ်မှုကြောင့် ရေကြောင်းခရီးသွားပြည်သူတွေကြား စိုးရိမ်ထိတ်လန့်မှုတွေရှိခဲ့ပါတယ်။

လေပြင်းတိုက်ခတ်မှုဟာ တစ်နာရီနီးပါးကြာမြင့်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုကို တွက်ချက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ကမ်းရိုတန်းရှိ ကျေးရွာတွေနဲ့ ကမ်းရိုးတန်းအတွင်းပိုင်းက မြို့ရွာတွေဟာ နှစ်စဉ်နှစ်တိုင်းဆိုသလို မုန်တိုင်းဒဏ်ကိုခံစားခဲ့ကြရပြီး ပြီးခဲ့တဲ့နှစ် မိုးတွင်းကာလက စစ်ဘေးရှောင်စခန်းတွေမှာ မုန်တိုင်းကြောင့် ရေကြီးရေလျှံပြီး ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတွင်း မြစ်ဝကျွန်းပေါ်ဒေသနဲ့ ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ နှစ်စဥ် မိုးဦးကာလနဲ့ မိုးနှောင်းကာလတွေမှာ လေပြင်းမုန်တိုင်းတွေ တိုက်ခတ်တာတွေ ဖြစ်ပေါ်တတ်ပါတယ်။

#voiceofmyanmar #VOM #ရခိုင် #မိုးသက်လေပြင်း #လူသေဆုံး #ပျက်စီး

Related posts

Leave a Comment

VOM News

FREE
VIEW