ထောင် ၁၂ နှစ်ချခံထားရတဲ့ သူရဦးအောင်ကို ကို ပြစ်ဒဏ်ထက်ဝက်လွတ်ငြိမ်းပေး

ဧပြီ ၂၅-၂၀၂၂
GG(VOM)

သာသနာရေး ဝန်ကြီးဟောင်း သူရဦးအောင်ကို ခေါ် ဦးဘဇံ ကို လက်ရှိကျခံနေတဲ့ ပြစ်ဒဏ်ကနေ ထက်ဝက်ကာလ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့ နစကကောင်စီက ကြေညာလိုက်ပါတယ်။

အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ သူရဦးအောင်ကို ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ပုဒ်မခွဲ ၁ အရ ကျခံရမယ့်ပြစ်ဒဏ်တွေရဲ့ထက်ဝက်ကာလကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တာဖြစ်တယ်လို့ ပြန်တမ်းမှာရေးသားထားပါတယ်။

သူရ ဦးအောင်ကို ကို ပြီးခဲ့တဲ့မတ်လ ၁၄ ရက်နေ့ကမှ ရန်ကုန်တိုင်းတရားလွှတ်တော်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ အမှု ၄ ခုအတွက် တစ်မှုကို ထောင်ဒဏ် ၃ နှစ်စီနဲ့ စုစုပေါင်းအလုပ်နဲ့ထောင်ဒဏ် (၁၂)နှစ် ချမှတ်ခံထားရတာဖြစ်ပါတယ်။

သူရဦးအောင်ကို ကို နိုင်ငံတော်မှ လူပုဂ္ဂိုလ်တွေကို သာသနာ့နုဂ္ဂဟဘွဲ့ တံဆိပ် ၈ မျိုး နှစ်စဉ်ချီးမြှင့်ပေးအပ်တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာပုဂ္ဂိုလ်တွေထံကနေ ငွေသားကျပ်သိန်း ၁၀၀ နဲ့ ငွေကျပ်သိန်း ၃၀၀ တန် Blank Cheque တစ်စောင် လက်ခံရယူခဲ့တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားပါတယ်။

နောက်ပြီး လုပ်ငန်းရှင်တစ်ဦးဆီကနေလည်း လုပ်ငန်းတွေ ရေရှည်အဆင်ပြေစေဖို့အတွက် ပေးအပ်တဲ့ ငွေကျပ် ၁၀၀၅ သိန်း တန်ဖိုးရှိ Ford Everest Titanium မော်တော်ယာဉ် တစ်စီးကို လက်ခံရယူခဲ့တဲ့အပြင် အလေးချိန် ၂၀ ကျပ်သားခန့်ရှိတဲ့ ရွှေပန်းကန်တစ်ချပ်ကို ကျသင့်တန်ဖိုးပေးချေခြင်းမရှိဘဲ လက်ခံရယူခဲ့တယ်လို့ ကော်မရှင်ရဲ့ထုတ်ပြန်မှုအရသိရပါတယ်။

သူရဦးအောင်ကို ကို ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ ကတည်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #သူရဦးအောင်ကို #ပြစ်ဒဏ်ထက်ဝက်လွတ်ငြိမ်းပေး

Related posts

Leave a Comment

VOM News

FREE
VIEW