တရုတ်နိုင်ငံ ပေကျင်းမှာ ကိုဗစ်ကူးစက်မှုမြင့်တက်နေတာကြောင့် လူသန်းပေါင်းများစွာကိုအစုလိုက်အပြုံလိုက် စစ်ဆေး

ပေကျင်း၊ ဧပြီ-၂၅-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံ မြို့တော်ပေကျင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်နေတာကြောင့် လူသန်းပေါင်းများစွာကို အစုလိုက်အပြုံလိုက် စစ်ဆေးမှုတွေ ပြုလုပ်နေရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ Chaoyang ခရိုင်အတွင်းမှာ ကိုဗစ်ကူးစက်ခံရသူ ၂၆ ဦးထိရှိခဲ့ပြီး ဒီအရေအတွက်ဟာ မြို့တော်ပေကျင်းမှာ နောက်ဆုံးဖြစ်ပွားတဲ့ အမြင့်ဆုံးအရေအတွက်လည်း ဖြစ်ပါတယ်။

အစိုးရအနေနဲ့ စားနပ်ရိက္ခာလုံလောက်စွာရရှိရေ အာမခံထားပေမယ့်လည်း စူပါမားကတ်နဲ့ စျေးဆိုင်တွေ အပြင်ဘက်မှာ လူတန်းရှည်ကြီးတွေ စီတန်းနေပြီး စျေး၀ယ်ဖို့ စောင့်ဆိုင်းနေကြပါတယ်။

လူ ၂၅ သန်း သူတို့ရဲ့နေအိမ်တွေမှာ ရက်သတ္တပတ်ပေါင်းများစွာ လော့ခ်ဒေါင်းချခံထားရတဲ့ ရှန်ဟိုင်းမြို့လို အလားတူအခြေအနေမျိုးရင်ဆိုင်ရမှာကို စိုးရိမ်ပူပန်မှုတွေမြင့်တက်နေပါတယ်။

မြို့တော်ရဲ့ အကြီးဆုံးခရိုင်ဖြစ်တဲ့ Chaoyang မှာ ဒေသခံ ၃ ဒသမ ၅ သန်းကို အစုလိုက်အပြုံလိုက် စစ်ဆေးမှု သုံးကြိမ်ပြုလုပ်ရမှာဖြစ်ကြောင်း ရောဂါကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီသတင်းကြောင့် ဒေသခံတွေဟာ လိုအပ်တဲ့ပစ္စည်းတွေကို သိုလှောင်ထားဖို့ စူပါမားကတ်တွေမှာ ပစ္စည်းတွေ အလုအယက်၀ယ်ယူနေကြပြီး ငွေရှင်းကောင်တာတွေမှာလည်း လူတန်းရှည်ကြီးတွေဖြစ်နေပါတယ်။

ပေကျင်းမှာရှိတဲ့ အဓိကစူပါမားကတ်တွေကြီးတွေကလည်း ၀ယ်လိုအားမြင့်တက်နေမှုကို လိုက်ရောညီထွေဖြစ်ဖို့ သူတို့ရဲ့ ဆိုင်ဖွင့်ချိန်တွေကို တိုးမြှင့်ခဲ့ပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ အာဏာပိုင်တွေဟာလည်း သွားလာမှုတွေကို ကန့်သတ်ဖို့အတွက် နေအိမ်အဆောက်အဦတွေမှာ ခြံစည်းရိုးကာရန်ခြင်းတွေကို ပြုလုပ်နေကြပါတယ်။

မြို့မှာ လက်ရှိချိန်ထိ အဆိုးရွားဆုံး ကိုဗစ်ကူးစက်မှုကို အာဏာပိုင်တွေက ထိန်းချုပ်နေစဉ်မှာ မြို့နေလူထု ၂၅ သန်း ၎င်းတို့ရဲ့နေအိမ်တွေမှာ သီတင်းလေးပတ်ကြာ လော့ခ်ဒေါင်းချခြင်းနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။

မြို့မှာရှိတဲ့ အိမ်ယာတွေရဲ့၀င်ပေါက်တွေနဲ့ လမ်းတွေကို အဖြူရောင်ကာကွယ်ရေး၀တ်စုံတွေ၀တ်ဆင်ထားတဲ့ အလုပ်သမားတွေက အစိမ်းရောင် သံဇကာတွေနဲ့ ကာရန်ပိတ်ပင်နေတဲ့ ဓါတ်ပုံတွေ တရုတ်လူမှုကွန်ရက်တွေမှာ မကြာသေးမီရက်တွေအတွင်း ပျံ့နှံ့ခဲ့ပါတယ်။

အဲဒီ အကာအရန်တွေကို အနည်းဆုံးကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ တစ်ဦးရှိတယ်လို့ စစ်ဆေးတွေ့ရှိထားတဲ့ အိမ်ယာအဆောက်အဦတွေမှာ တပ်ဆင်ခြင်းဖြစ်ပြီး နေထိုင်သူတွေဟာ ရောဂါကူးစက်သည်ဖြစ်စေ မကူးစက်သည်ဖြစ်စေ နေအိမ်ပြင်ပထွက်ခွာခြင်းကို တားမြစ်ထားပါတယ်။

Ref: BBC
Photo:Getty Images/ Reuters
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW