ဒေါက်တာခက်အောင် အဂတိလိုက်စားမှုဥပဒေနဲ့ ထောင် ၁၂ နှစ်ချမှတ်ခံရ

ဧပြီ ၂၄-၂၀၂၂
VOM (GG)

အဂတိလိုက်စားမှု ပုဒ်မနဲ့ တရားစွဲခံထားရတဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်ကို ကချင်ပြည်နယ်တရားလွှတ်တော်က အလုပ်နဲ့ထောင်ဒဏ် (၁၂)နှစ် ချမှတ်လိုက်တယ်လို့သိရပါတယ်။

နောက်ပြီး ပြည်နယ်ဝန်ကြီးဟောင်းတွေဖြစ်ကြတဲ့ ဦးဝေလင်း၊ ဦးဝင်းညွန့်၊ ဦးလဆိုင်း(ခ)ဦးဒါရှီလဆိုင်း၊ ဦးနော်လီ(ခ)ဇခေါင်ခမ်းရယ်၊ ဦးဇော်ဝင်းနဲ့ ဦးနေဝင်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင် တို့ကိုလည်း အလုပ်နဲ့ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

“ဦးဝေလင်း ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ အလုပ်နဲ့ ထောင်ဒဏ် ၉ နှစ် ၊ ဦးဝင်းညွန့်၊ ဦးလဆိုင်း (ခ)ဦးဒါရှီလဆိုင်း၊ ဦးနော်လီ(ခ)ဇခေါင်ခမ်းရယ်၊ ဦးဇော်ဝင်းနဲ့ ဦးနေဝင်း တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်စီ၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင် ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ အလုပ်နဲ့ ထောင်ဒဏ် ၈ လနဲ့ ဒဏ်ငွေ သုံးသိန်းကို တစ်ပေါင်းတည်း ကျခံဖို့ အမိန့်ချလိုက်တယ် ” လို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။

ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီးဟောင်း ဦးဝေလင်းနဲ့ ဦးလဆိုင်း(ခ) ဦးဒါရှီလဆိုင်း တို့ဟာ ဖမ်းဆီးရမိတဲ့ သလင်းကျောက် တန်ချိန် ၁၀၀၀၀ ကို ရောင်းချခဲ့ရာမှာ တစ်တန်ကို ၃၆၀၀၀ ကျပ်နဲ့ ဈေးနှုန်းလျှော့ပြီး ကုမ္ပဏီ နှစ်ခုကို တန် ၅၀၀၀ စီ ခွဲဝေရောင်းချခဲ့ရာ ဘဏ္ဍာငွေ ကျပ်သန်း ၂၄၀ နစ်နာဆုံးရှုံးစေခဲ့ခြင်း၊ သလင်းကျောက် ရောင်းချရရှိငွေရဲ့ ၂၀ ရာခိုင်နှုန်း ငွေကျပ် ၇၂ သန်းကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကို ပေးသွင်းမှုမရှိလို့ နိုင်ငံတော် ဘဏ္ဍာငွေဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး ဒေါက်တာခက်အောင် နဲ့ ပြည်နယ်ဝန်ကြီးဟောင်း ဦးဝေလင်း တို့ဟာ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဧည့်ဂေဟာ နှစ်ထပ်ဆောင် ဆောက်လုပ်ရာမှာ သုံးစွဲခွင့်မရှိတဲ့ ငွေကျပ် ၁၄၉၂ သန်းကျော်ကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီမှုမရှိဘဲ သုံးစွဲဆောင်ရွက်ခဲ့သလို၊မြေမြင့်ရပ်ကွက်၊ တပ်ကုန်းရပ်ကွက်နဲ့ ဒူကထောင်ရပ်ကွက် တို့အတွင်း ကတ္တရာလမ်းသစ် ခင်းခြင်း၊ ကွန်ကရစ်တံတားနဲ့ ကွန်ကရစ်ရေပြွန် တည်ဆောက်ခြင်းလုပ်ငန်း သုံးခု အတွက် တန်ဖိုး ငွေကျပ် ၂၄၈ သန်းကျော်ကို တင်ဒါလုပ်ထုံးလုပ်နည်းနဲ့ အညီ တင်ဒါခေါ်ယူဆောင်ရွက်မှုမရှိဘဲ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကို လုပ်ကိုင်ခွင့်ပြုပေးခဲ့ခြင်းကြောင့် နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ နစ်နာဆုံးရှုံးစေခဲ့တယ်ဆိုပြီး အမိန့်ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြည်နယ်ဝန်ကြီးဟောင်း ဦးဇော်ဝင်းဟာလည်း နယ်စပ်စစ်ဆေးရေးဂိတ် တာဝန်ခံဝန်ထမ်းတွေဆီက ငွေနဲ့ ပစ္စည်း တန်ဘိုး ငွေကျပ် ၂၁ သိန်းခန့်ကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။

ပြည်နယ်ဝန်ကြီးဟောင်း ဦးဝေလင်း ဟာ ဖမ်းဆီးရမိတဲ့ ဓာတ်မြေဩဇာတွေ လေလံတင်ရောင်းချရရှိငွေကျပ် ၅၂၅ သန်းကျော်အနက် ဖမ်းဆီးရာမှာ ပါဝင်တဲ့အဖွဲ့ကို ဆုကြေးငွေ ခွဲဝေပေးရာမှာ ၎င်းအတွက် ငွေကျပ် ၅၇ သန်းကျော်ကို ဥပဒေနဲ့ မညီဘဲ အကျိုးခံစားခွင့်ရယူခဲ့ခြင်းနဲ့ မိုးကောင်းမြို့နယ်ပါတီရုံးဆောက်လုပ်ဖို့ အကြောင်းပြပြီး ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီပိုင်ရှင်တွေဆီကနေ စုစုပေါင်း ငွေကျပ်သိန်း ၃၀၀ ကို တောင်းခံရယူခဲ့တယ်လို့ သိရပါတယ်။

ပြည်နယ်ဝန်ကြီးဟောင်း ဦးလဆိုင်း (ခ) ဦးဒါရှီလဆိုင်းဟာလည်း ပြည်နယ်ပါတီရုံးနဲ့ ဖားကန့် မြို့နယ်ပါတီရုံး ဆောက်လုပ်ဖို့အတွက်အကြောင်းပြပြီး ကျောက်မျက်လုပ်ငန်းရှင်တွေထံကနေ ငွေကျပ် သိန်း ၉၆၀ ကို တောင်းခံရယူခဲ့တယ်လို့သိရပါတယ်။

ပြည်နယ်ဝန်ကြီးဟောင်း ဦးဝင်းညွန့် ကလည်း ဝိုင်းမော်မြို့နယ် ပါတီရုံးဆောက်လုပ်ဖို့ အကြောင်းပြပြီး စီးပွားရေးလုပ်ငန်းရှင်တွေထံကနေ ငွေကျပ်သိန်း ၂၀၀ နဲ့၊ နေပြည်တော် ပါတီ သုတေသနရုံးအတွက် လိုအပ်တဲ့ ပစ္စည်းတွေဝယ်ယူဖို့ ငွေကျပ် သိန်း ၂၅၀ တောင်းခံရယူခဲ့တယ်လို့သိရပါတယ်။

ပြည်နယ်ဝန်ကြီးဟောင်း ဦးနေဝင်းနဲ့ ဦးနော်လီ(ခ) ဇခေါင်ခမ်းရယ်၊ ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင် တို့ကလည်း တရားဝင်သုံးစွဲခွင့်မရှိတဲ့ လိုင်စင်မဲ့ မော်တော်ယာဉ် ၂၃ စီးအတွက် စက်သုံးဆီ၊ ယာဉ်ပြင်ဆင်စရိတ်၊ အကြီးစား ပြင်ဆင်စရိတ် စုစုပေါင်းငွေကျပ် ၂၁၉ သန်းကျော်ကို ထုတ်ယူသုံးစွဲခဲ့ခဲ့တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကထုတ်ပြန်မှုအရ သိရပါတယ်။

ဒါ့ကြောင့် ကချင်ပြည်နယ်တရားလွှတ်တော်က ဧပြီလ ၂၂ ရက်နေ့မှာ ဒေါက်တာခက်အောင် ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ် နဲ့ ပြည်နယ် ဝန်ကြီးဟောင်းတွေကို ထောင်ဒဏ်အသီးသီးချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။

#voiceofmyanmar #VOM #ဒေါက်တာခက်အောင် #ကချင်ပြည်နယ်ဝန်ကြီးဟောင်း #ထောင်၁၂နှစ်ချ

Related posts

Leave a Comment

VOM News

FREE
VIEW