ပဲခူတိုင်းမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ(၁)ဦး နဲ့ လူငယ်(၂)ဦး ဖမ်းဆီးခံရ

ဧပြီ၂၄-၂၀၂၂
VOM (GG)

ပဲခူးတိုင်းမှာ မနေ့ ဧပြီ ၂၃ရက်ညပိုင်းနဲ့ ဒီကနေ့ မနက်ပိုင်းမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ(၁)ဦး နဲ့ လူငယ်(၂)ဦး ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

ပြည်မြို့က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုကျော်ကျော်ဉာဏ်ဝင်းကို မနေ့ည ၉ နာရီကျော်လောက်မှာ စစ်တပ်က လာဖမ်းသွားတာဖြစ်ပြီး၊ဘာကြောင့်ဖမ်းသလဲ ဘယ်နေရာမှာထိန်းသိမ်းထားတယ်ဆိုတာ မသိရှိရသေးဘူးလို့ မိသားစုနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

” မနေ့က မနက် ၁၀ နာရီလောက်မှာ မေးစရာ ရှိလို့ဆိုပြီး စစ်တပ်ကလာခေါ်သွားတယ်။ညနေကြတော့ ပြန်လွှတ်ပေးတယ်။ ညဘက်ရောက်တော့ ပြန်ပြီးထပ်လာဖမ်းသွားတယ်။ဘာကြောင့်လဲမသိရဘူး ” လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

ကိုကျော်ကျော်ဉာဏ်ဝင်းကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကလည်း စစ်တပ်က သဘာဝဘေးဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲဆိုထောင်ချခဲ့ပြီး အောက်တိုဘာလ ၁၈ရက်နေ့ကမှ ပြည်အကျည်းထောင်ကနေ ပြန်လည်လွှတ်မြောက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့
လှပခြင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရွာသား ၂ ဦး ဒီကနေ့မနက်ပိုင်းမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ် ။

” အုပ်ကြီးသတ်ခံရတဲ့ကိစ္စမှာ သံသယရှိတယ်ဆိုပြီး လာဖမ်းသွားတာလို့ကြားတယ်။ အခုထိတော့ပြန်လွတ်လာတယ်လို့မကြားမိသေးဘူး။ ” လို့ဒေသခံတဦးက ပြောပါတယ် ။

ဖမ်းဆီးခံရသူတွေကတော့ လှပခြင်းကျေးရွာမှာနေထိုင်တဲ့ အသက် ၂၀ အရွယ်ရှိသူ ဇော်ဇော်အောင်နဲ့အသက် ၂၀ အရွယ် မချိုသဲလွင်တို့ဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လွတ်ပေးတာမရှိသေးဘူးလို့ သိရပါတယ် ။

အုပ်ချုပ်ရေးမှူးကို လုပ်ကြံသတ်ဖြတ်မှုမှာပါဝင်တဲ့ PDF တွေ ဆိုတဲ့ သံသယနဲ့ဖမ်းဆီး သွားတာဖြစ်တယ်လို့ ဒေသခံအချို့ရဲ့ ပြောပြချက်အရ သိရပြီး VOMအနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

လှပခြင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်လွင်ကတော့ ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက် သင်္ကြန်အကျနေ့ မနက်က လှပခြင်းဘုန်းကြီးကျောင်းကနေ ဥပုသ်စောင့်ပြီးပြန်လာတဲ့လမ်းမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

ပဲခူးတိုင်းမှာ အခုကာလအတွင်း ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေ၊နိုင်ငံရေးတက်ကြွလှူပ်ရှားသူတွေ၊နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ NLD ပါတီဝင်တွေ ထဲ ပြန်လွှတ်လာသူတွေရှိသလို အမှုရင်ဆိုင်နေရသူ၊ထောင်ချခံထားရသူတွေရှိနေဆဲဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပဲခူး #ဖမ်းဆီခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW