မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတားထိပ်ဗုံးပေါက်မှု ဒုရဲအုပ်အပါအဝင် (၂)ဦးဒဏ်ရာရ

ဧပြီ ၂၄-၂၀၂၂
KK(VOM)

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတားထိပ်(မြန်မာဘက်ခြမ်း)မုဒ်ဦးမှာ မနေ့ည ၁၁ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုကြောင့် မြဝတီမြို့မရဲစခန်းမှ ဒုရဲအုပ် အပါအဝင်နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အမည်မဖော်လိုသူရဲအရာရှိတဦးက”မြို့မရဲစခန်းက ရဲနှစ်ဦးထိတာပါ၊ ဒုရဲအုပ်ကတော့ စိုးရိမ်ရတယ် ဒုတပ်ကြပ်က သိပ်မစိုးရိမ်ရဘူး အခုဆေးရုံမှာပါ ပျက်စီးဆုံးရှုံးမှုလည်း အတော်များတယ်”လို့ ပြောပါတယ်။

ဒဏ်ရာရရှိသူနှစ်ဦးဟာ မြဝတီမြို့မရဲစခန်းက ဒုရဲအုပ်ရဲ ဝင်းနိူင်နဲ့ ဒုတပ်ကြပ်ဝင်းသိန်းဦးတို့ဖြစ်ပြီး လက်တလော မြဝတီခရိုင်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အဲ့ဒီပေါက်ကွဲမှုနဲ့ပတ်သတ်ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ဌာနဆိုင်ရာက စီစစ်နေဆဲဖြစ်တယ်လို့လည်း အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကို မည့်သည့်အဖွဲ့ကလုပ်ဆောင်ခဲ့တာဆိုတာကိုတော့ VOM သတင်းဌာနအနေနဲ့သီးခြားအတည်ပြုနိူင်ခြင်းမရှိပါဘူး။

ဒီကနေ့မှာတော့ ကရင်လွှတ်မြောက်ရေးတပ်မတော်မှ “မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်မှာ သွားလာပြေးဆွဲနေတဲ့ ခရီးသည်တင်မော်တော်ယာဉ်၊ အရပ်သားကားများ၊ကုန်တင်မော်တော်ယာဉ်တွေကို အကြောင်းမဲ့နှောင့်ယှက်ပစ်ခတ်ခြင်း၊မီးရှို့ဖျက်ဆီးခြင်းများမပြုလုပ်ဖို့ စာထုတ်ပြန်ခဲ့တာလည်း ရှိပါတယ်။

ဒီထုတ်ပြန်ချက်ကို သက်ဆိုင်ရာ ကေအဲန်ယူတပ်မဟာ/တပ်ရင်းများအတွင်းရှိ အောက်ခြေအဆင့်ဆင့်ရှိ တပ်မှူးတပ်သားများကို ထပ်မံညွန်ကြားရန်နဲ့ လိုက်နာမှုမရှိဘဲ ဖော်ဖျက်ကျူးလွန်ပါက လိုအပ်သလိုအရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြဝတီ-အာရှလမ်းမကြီးမှာ ပြီးခဲ့တဲ့လတွေက မကြာခဏဆိုသလို ကုန်တင်ယာဥ်နဲ့ယာဥ်ငယ်အချို့မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #မြဝတီ #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW