ပစ်ခတ်မှုတွေ ဖြစ်နေတာကြောင့် မဟာမြိုင်ကားလမ်းမှာ ၄ ရက်မြောက်အထိ ကားတွေ ရာနဲ့ချီပြီးပိတ်နေ

မေ ၊ ၁-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင်နဲ့ ကလေးခရိုင်တို့အကြားဆက်သွယ်ထားတဲ့ မုံရွာ-တန့်ဆည်-ကလေးဝ မဟာမြိုင်ကားလမ်းမှာ ပစ်ခတ်တာတွေ ဖြစ်ပွားနေတာကြောင့် ဒီကနေ့ဆိုရင် အဲ့ဒီမဟာမြိုင်ကားလမ်းက တောကြီးထဲမှာ ကားတွေပိတ်မိနေတာ ၄ ရက် မြောက်သွားပြီလို့ ကားသမားတွေဆီက သိရပါတယ်။

” အခြေအနေက အတော်ကို ဆိုးတယ် ၊ နောက်ပြန်ဆုတ်လည်း မရ ၊ ရှေ့ဆက်တိုးလည်း မဖြစ်နဲ့ နီးစပ်ရာ တောထဲမှာ ခိုနေရပြီး ပိိတ်မိနေတာပါ ၊ အတက်ကားရော အဆင်းကားပါ အားလုံး ရာနဲ့ချီ ပြီး ရှိတယ် ” လို့ မုံရွာ-ကလေး-တမူး ကုန်စည်ပို့ဆောင်ရေး ကားမောင်းသမားတယောက်က ပြောပါတယ်။

ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့နယ် ၊ မုံရွာ တန့်ဆည် ကလေးဝ ကားလမ်း ၊ မဟာမြိုင်တောကြီးထဲက တောကျင်ရွာနားမှာ ပစ်ခတ် တိုက်ခိုက်တာတွေဖြစ်ပြီး ဧပြီ ၂၈ ရက် ညပိုင်းကစလို့ ကားတွေပိတ်မိနေတာ ၊ ဒီကနေ့အထိဖြစ်ပါတယ်။

” မန္တလေး မုံရွာ ကလေး တမူး လမ်းပိုင်းမှာက ကုန်သွယ်ရေးလမ်းကြောင်း ၃ ခုရှိတယ် ၊ မုံရွာ ပုလဲ ဂန့်ဂေါ ကလေး ကားလမ်းပိုင်း ၊ မုံရွာ ယာကြီး ကလေးဝ ကလေး ကားလမ်းပိုင်းနဲ့ မုံရွာ တန့်ဆည် ကလေးဝ ကလေး ကားလမ်းပိုင်းဖြစ်တယ်၊ အဲ့ဒီ လမ်းကြောင်း ၃ ခုထဲက ၊ မုံရွာ ပုလဲ ဂန့်ဂေါ ၊ ကလေး ကားလမ်းပိုင်းနဲ့ မုံရွာ ယာကြီး ကလေးဝ ကလေး ကားလမ်း ၂ ခုဟာ ပြီးခဲ့တဲ့ ၂ လဝန်းကျင်ကစလို့ ပစ်ခတ်တိုက်ခိုက်တာနဲ့ မိုင်းဘေးအန္တရာယ်တွေကြောင့် ကားတွေ အသွားအလာ လုံးဝ မရှိတဲ့အတွက် မုံရွာ တန့်ဆည် ကလေးဝ မဟာမြိုင် ကားလမ်းပိုင်းကို ပို့ဆောင်ရေး လုပ်ငန်းတွေက ပြောင်းလဲ အသုံးပြုနေရတာ ” လို့ မုံရွာ ကလေးဝ ကလေး တမူး ခရီးသည်ပို့ဆောင်ရေး ကားဂိတ်မှူးတယောက်က ပြောပါတယ်။

အဲ့ဒီလို နီးစပ်ရာ လမ်းဘေးတောတွေထဲမှာ တိုက်ပွဲရှောင်နေရတဲ့ကားတွေဟာ မုံရွာ မော်လိုက် ဖောင်းပြင် ဟုမ္မလင်း ဘက်သွားမယ့် ကားတွေနဲ့ မုံရွာ ကလေးဝ ကလေး တမူး ဘက်သွားမယ့် ကားတွေဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တောကျင်ကျေးရွာနားမှာ မုံရွာကနေ မော်လိုက် ကင်းတပ်ကိုသွားမယ့် ၁၂ ဘီး ကုန်တင်ကား ၁ စီး ပေါ်က လူသုံးကုန်နဲ့ စားသောက်ကုန် ပစ္စည်း သိန်း ၁ ထောင်ဖိုးကျော် ဓားပြတိုက်ခံရတာလည်း ဖြစ်ခဲ့ပါသေးတယ်။

Photo-မဟာမြိုင်ကားလမ်းမှာ ပိတ်မိခိုအောင်းနေပုံ
#voiceofmyanmar #VOM #မဟာမြိုင်လမ်း #ပစ်ခတ်မှု #ကားရာချီပိတ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW