ကျောက်ဆည်မြို့နယ်က NLDပါတီဝင်(၂)ဦး အသတ်ခံရ

မေ ၆-၂၀၂၂
KK(VOM)

ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်-ပလိပ်လမ်းဟောင်းမှာ မနေ့ မေလ ၅ရက်ညပိုင်းက NLD ပါတီဝင်နှစ်ဦးကို အမည်မသိအဖွဲ့က သတ်ဖြတ်ပြီး လာရောက်လွှင့်ပစ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အသတ်ခံရသူနှစ်ဦးကတော့ ကျောက်ဆည်မြို့နယ်၊ကြက်မင်းတွန်ရပ်ကွက်က NLD ပါတီဝင် ဦးတင်သိန်းနဲ့တံတားလယ်ရပ်ကွက်က NLDပါတီဝင်ဦးညိုထွန်းဇော်တို့ဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“သူတို့ကို မနေ့ကညနေပိုင်းက အမည်မသိအဖွဲ့တွေက ဖမ်းသွားပြီး ညပိုင်းမှာ သတ်ပြီးလာပစ်သွားတာ၊ သွေးသောက်အဖွဲ့ဆိုပြီး လည်ဆွဲတွေဆွဲပေးထားတယ် “လို့ ပြောပါတယ်။

သေဆုံးသူ(၂)ဦးကတော့ NLDပါတီဝင်တွေဖြစ်သလို လ္ဘက်ရည်ဆိုင်ပိုင်ရှင်(၂)ဦးလည်းဖြစ်တယ်လို့ အဆိုပါရပ်ကွက်နေသူတွေဆီက သိရပါတယ်။

အဲ့ဒီလို သွေးသောက်လည်ဆွဲတွေဆွဲပေးပြီး လူသတ်မှုဖြစ်စဉ်တွေဟာ ဧပြီလကစတင်ခဲ့ပြီး အခုဆိုရင် ခြောက်ဦးခန့်ရှိပြီလို့လည်း မြို့ခံတွေဆီက သိရပါတယ်။

ကျောက်ဆည်မြို့နယ်က NLDပါတီဝင်နှစ်ဦးအသတ်ခံရတဲ့ဖြစ်စဉ်အပေါ်“ကျောက်ဆည် NLD အစွန်းရောက် PDF ထောက်ပို့ ညိုထွန်းအောင်နဲ့တင်သိန်းတို့ကို သွေးကောက်လည်ဆွဲချီးမြှင့်”လို့ သွေးသောက်အဖွဲ့ရဲ့တယ်လီဂရန် လူမူကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ မေလ ၂ ရက်မနက်ပိုင်းကNLD ပါတီစည်းရုံးရေးမှူး ဦးဇော်ကြီး ဆိုသူအသတ်ခံရပြီး သွေးသောက်အဖွဲ့လည်ဆွဲကဒ်ကို လည်ပင်းမှာဆွဲပေးပြီး လာပစ်သွားတာလည်း ရှိတယ်လို့ အမရပူရမြို့ခံတဦးက ပြောပါတယ်။

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာလည်း ဧပြီလ ၂၄ ရက်က စိန်ဝင်းဝင်း လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးခင်မောင်သိန်း တို့လင်မယားနှစ်ဦးကို အမည်မသိအဖွဲ့က ဖမ်းဆီးသွားပြီး ဦးခင်မောင်သိန်းကို ဓါးနဲ့ထိုးသတ်ခဲ့သလို ဇနီးဖြစ်သူ ဒေါ်ခ ကိုလည်း ရိုက်နှက်ခဲ့လို့ အပြင်းအထန်ဒဏ်ရာတွေ့နဲ့ ပြန်လည်တွေ့ရှိခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါတယ်။

အဲ့ဒီရက်တွေမှာပဲ မဟာအောင်မြေမြို့နယ်ကNLD ပါတီဝင် ဦးတင် ဆိုသူလည်း အသတ်ခံရပြီး လည်ပင်းမှာ သွေးသောက်အဖွဲ့ လည်ဆွဲကဒ်ကို ဆွဲပေးထားတယ်လို့ အဆိုပါမြို့နယ်သူတွေဆီက သိရပါတယ်။

ဒီလိုသတ်ဖြတ်မှုတွေဖြစ်ပြီး နှစ်ရက်အကြာ ဧပြီလ၂၆ ရက်မှာ မဟာအောင်မြေမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ အကိုဖြစ်သူ ဦးဖုန်းမြင့်မိုး (ခေါ်) ကိုမိုးအသတ်ခံရပြီး သွေးသောက်အဖွဲ့လည်ဆွဲကို ဆွဲပေးထားတာတွေ့ရတယ်လို့လည်း မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ဒီလူသတ်မှုတွေကိုတော့ သက်ဆိုင်ရာရဲစခန်းတွေမှာ သေမှုသေခင်းဖွင့်ပြီး အမှုမှန်ပေါ်ပေါက်ရေးလုပ်ဆောင်နေတယ်လို့ သက်ဆိုင်ရာက သိရပါတယ်။

#voiceofmyanmar #VOM #ကျောက်ဆည် #NLDပါတီဝင် #အသတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW