ဂျပန်ပင်လယ်ပြင်ထဲကို ပဲ့ထိန်းဒုံးကျည်တစင်း မြောက်ကိုရီးယား ပစ်ခတ်

မေ ၅-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ ဂျပန်ပင်လယ်ပြင်ကို ဦးတည်ပြီး ပဲ့ထိန်းဒုံးပျံတစင်းကို မေ ၄ ရက်မှာ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က ထုတ်ပြန်ပါတယ်။

အဲဒီဒုံးကျည်ကို ပြုံးယမ်းအနီးရှိ ဆူနန်ဒေသ၀န်းကျင်ကနေ မေ ၄ ရက် နေ့လယ်ပိုင်းမှာ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒုံးကျည်ဟာ အမြင့် ၇၈၀ ကီလိုမီတာကနေ ၄၇၀ ကီလိုမီတာထိ ပျံသန်းခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်က ခန့်မှန်ထားပါတယ်။

မြောက်ကိုရီးယားဟာ ဖေဖော်ဝါရီနဲ့ မတ်လအတွင်းကလည်း တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုတွေကို ဆူနန်ဒေသကနေ ပြုလုပ်ခဲ့ပါတယ်။

လက်ရှိစမ်းသပ်မှုနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့က အသေးစိတ်အချက်အလက်တွေကို လေ့လာနေကြပါတယ်။

ဧပြီ ၂၅ ရက်မှာ မြောက်ကိုရီးယားစစ်တပ်တည်ထောင်ခြင်း နှစ် ၉၀ ပြည့်အထိမ်းအမှတ် စစ်ရေးပြပွဲပြုလုပ်ခဲ့ပြီး ဟွာဆောင်-၁၇ တိုက်ချင်းပစ်ဒုံးကျည်အမျိုးအစားသစ်ကို မြောက်ကိုရီးယားက ထုတ်ဖော်ပြသခဲ့ပြီး နိုင်ငံရဲ့ နျူကလီးယားလက်နက်အစီအစဉ်ကို အရှိန်မြှင့်မယ်လို့ ကင်ဂျုံအန်က ကတိပြုပြောဆိုခဲ့ပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #ဂျပန် #မြောက်ကိုရီးယား #ပဲထိန်းဒုံးကျည်

Related posts

Leave a Comment

VOM News

FREE
VIEW