စစ်ကိုင်းမြို့ရှိ ပုဂ္ဂလိက ဆေးရုံက ဆရာဝန်အမျိုးသမီးတဦး ဖမ်းဆီးခံရ

မေ ၊ ၇-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့ ၊ နန္ဒဝန်ရပ်ကွက် ၊ သုခသစ္စာ ပုဂ္ဂလိကအထူးကုဆေးရုံက ဆရာဝန် ဒေါ်အေးသီခိုင်ကို မေ ၅ ရက် နေ့လယ်ပိုင်းမှာ စစ်သားနဲ့ ရဲတွေက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဆရာဝန်အသိုင်းအဝိုင်းဆီက သိရပါတယ်။

” မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်မှာ လာဖမ်းသွားတာပါ ၊ အခုထိ ဘယ်မှာထားတယ် ၊ ဘာအတွက် ဖမ်းတယ်ဆိုတာ မသိရသေးဘူး ၊ အဆက်အသွယ် အခုထိ မရတော့ စိတ်ပူရတယ် ” လို့ ဆရာဝန် ဒေါ်အေးသီခိုင် ရဲ့ မိသားစုဝင်တယောက်က ပြောပါတယ်။

စစ်ကိုင်းမြို့နယ် လုံခြုံရေးအဖွဲ့ရုံး နဲ့ နီးစပ်သူတယောက်က” ဒေါက်တာ အေးသီခိုင်က NUG ငွေတိုက်စာချုပ်တွေနဲ့ ပတ်သက်ပြီး ရောင်းချပေးတယ် ၊ ငွေတိုက်စာချုပ် ဝယ်လိုသူတွေကိုလည်း လိုက်လံကူညီပေးတယ် ၊ အကြမ်းဖက် အဖွဲ့အစည်း သတ်မှတ်ကြေညာခြင်းခံထားရတဲ့ အဖွဲ့တွေနဲ့ ဆက်သွယ်တယ် ၊ ထောက်ပံ့တယ် ၊ အဲ့ဒါကြောင့် ဖမ်းဆီးထားတာပါ ၊ လက်တလောတော့ စစ်ဆေးနေဆဲ ကာလဖြစ်တယ်၊ အသေးစိတ်ပြောဖို့ အချိန်စောပါသေးတယ် “လို့ ပြောပါတယ်။

အခုလ ၅ ရက်နေ့လည်း ဟုမ္မလင်းမြို့နယ် ၊ နောင်ပတ်ကျေးရွာ အနီးက နောင်ပတ်ရွှေမှော်ထဲမှာ ဖွင့်ထားတဲ့ ” ခေတ်သစ် ဇီဝက” အထွေထွေရောဂါကုနဲ့ အဆင့်မြင့် ရောဂါရှာဖွေ ဓာတ်ခွဲခန်း ဆေးခန်းပိုင်ရှင် လင်မယားကို လည်း စစ်သားနဲ့ ရဲတွေက ဖမ်းဆီးတာတွေ ဖြစ်ခဲ့ပါသေးတယ်။

” ခေတ်သစ် ဇီဝက ဆေးခန်းပိုင်ရှင် ဆရာမက မြန်မာ – အိန္ဒိယ ချစ်ကြည်ရေး အမျိုးသမီးဆေးရုံ (မုံရွာ) မှာ အရင်က တာဝန်ထမ်းဆောင်ပြီး လက်ရှိ CDM လုပ်နေတဲ့ ဘက်စုံသွားဖွား ဆရာမ ဒေါ်ဇာဖြူဝင်းဖြစ်တယ် ၊ သူ့ယောက်ျားကတော့ ဆရာဝန်အတု ဒေါက်တာ ရဲသွေးဆိုတဲ့ လူဖြစ်တယ် ၊ သူကတော့ ထွက်ပြေးသွားလို့ အဖမ်းမခံလိုက်ရဘူး ” လို့ နောင်ပတ်ရွာခံတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လကစလို့ စစ်ကိုင်းတိုင်းထဲမှာ ဆရာဝန်တွေ အပါအဝင် ကျန်းမာရေးဝန်ထမ်းတချို့ CDM မှာ ပါဝင်ပြီး အပြင်မှာ ဆေးကုနေတဲ့အတွက် ဆေးရုံဆေးခန်းတွေကို ရုတ်တရက် ဝင်ရောက်စစ်ဆေးပြီး မေးမြန်းတာ ၊ ဖမ်းဆီးတာတွေရှိခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မုံရွာမြို့ပေါ်က ပုဂ္ဂလိက အထူးကုဆေးရုံတချို့ကို သက်ဆိုင်ရာက ဝင်ရောက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #ဆရာဝန် #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW