NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့ က နစကခေါင်းဆောင်နဲ့တွေ့ဖို့ ဆုံးဖြတ်

မေ ၇-၂၀၂၂
SW(VOM)

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နိုင်ငံရေးဆွေးနွေးဖို့ဖိတ်ခေါ်ထားချက်အရ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် (၅)ဖွဲ့ဟာ တွေ့ဆုံဆွေးနွေးသွားဖို့အတွက် ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

NCA-S EAO အဖွဲ့တွေဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နဲ့ မွန်ပြည်သစ်ပါတီ(NMSP) တို့က ဆွေးနွေးပွဲကို တက်ရောက်ကြမှာဖြစ်တယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် နန်းယဉ်ယဉ်စိုးက အတည်ပြုပြောပါတယ်။

“ မနေ့ကအထိ ကျမတို့ PPST အထူးအစည်းအဝေးအရ ၅ ဖွဲ့ကတော့ သွားရောက်မှာပေါ့၊ ABSDF ကျောင်းသားတပ်မတော်ကတော့ သူတို့ မိခင်အဖွဲ့အစည်းအတွင်းမှာ ဗဟိုကော်မတီအစည်းအဝေးတစ်ရပ်ရှိနေတော့ အဲဒါပြီးမှပဲ သူတို့သဘောထားသိရမယ်” လို့ ပြောပါတယ်။

တစ်ခြား NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေအနေနဲ့ ဆွေးနွေးပွဲ တက်၊မတက်ကို သူမအနေနဲ့ မှတ်ချက်ပေးဖို့ခက်နေတယ်လို့လည်း ပြောပါတယ်။

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ PDF,NUG ကလွဲပြီး NCA လက်မှတ်ထိုးထားတဲ့ EAO တွေနဲ့ လက်မှတ်မထိုးထားတဲ့ EAO တွေကိုပါ နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

အဲဒီလို ဖိတ်ခေါ်ထားချက်ကို EAOs တွေဖက်က မေလ ၉ ရက်နေ့ နောက်ဆုံးထားအကြောင်းပြန်ရမှာဖြစ်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့က ဆွေးနွေးပွဲသို့ တက်ရောက်မှာမဟုတ်ကြောင်းကိုလည်း ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ကလည်း မေလ ၅ ရက်နေ့က အကြောင်းကြားထုတ်ပြန်ခဲ့ပြီး နစက ကောင်စီကို စစ်ကောင်စီလို့သုံးနှုန်းထားကာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ချက်ဟာ တစ်နိုင်ငံလုံးကို လွှမ်းခြုံမှုမရှိနိုင်ကြောင်းနဲ့ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ကြိုးပမ်းမှုမဟုတ်ဘူးလို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒီကနေ့အထိ နစက ဥက္ကဋ္ဌနဲ့ တွေ့ဆုံဆွေးနွေးဖို့ဖိတ်ခေါ်ချက်ကို အကြောင်းပြန်တာဟာ တိုင်းရင်းသားလက်နက်ကိုင် (၈) ဖွဲ့သာရှိသေးပြီး UWSA “ဝ” ဦးဆောင်တဲ့ FPNCC အဖွဲ့ဝင်တွေကတော့ ဒီကနေ့အထိ အကြောင်းပြန်တာမရှိသေးဘူးလို့ သိရပါတယ်။

Photo- NCA-S EAO/ ပုံဟောင်း
#voiceofmyanmar #VOM #နစက #ငြိမ်းချမ်းရေးဆွေးနွေးပွဲ #NCA၅ဖွဲ့တွေ့ဆုံဖို့ဆုံးဖြတ်

Related posts

Leave a Comment

VOM News

FREE
VIEW