ယူကရိန်းကို ဒေါ်လာ ၄၀ ဘီလီယံ ထပ်မံကူညီဖို့ အမေရိကန် အောက်လွှတ်တော် အတည်ပြု

ဝါရှင်တန်၊ မေ-၁၁-၂၀၂၂
မျိုးဆက်(VOM)

ရုရှားရဲ့တိုက်ခိုက်မှုကို တွန်းလှန်နေရတဲ့ ယူကရိန်းအတွက် ဒေါ်လာ ၄၀ ဘီလီယံတန်ဖိုးရှိ အကူအညီပေးရေး အစီအစဉ်သစ်ကို အမေရိကန်အောက်လွှတ်တော်က မေ ၁၀ ရက်မှာ အတည်ပြုလိုက်ပါတယ်။

အဲဒီအစီအစဉ်နဲ့ပတ်သက်ပြီး အောက်လွှတ်တော်မှာ မဲခွဲရာမှာ ထောက်ခံမဲ ၃၆၈ မဲ၊ ကန့်ကွက်မဲ ၅၇ မဲနဲ့ အတည်ပြုခဲ့တာဖြစ်ပြီး ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန်နေတွေပါ ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။

အတည်ပြုလိုက်တဲ့ အကူအညီပေးရေးအစီအစဉ်ဟာ သမ္မတဂျိုးဘိုင်ဒင် မူလကတောင်းဆိုထားတဲ့့ ဒေါ်လာ ၃၃ ဘီလီယံထက် ခုနှစ်ဘီလီယံကျော် ပိုမိုများပြားနေပြီး အထက်လွှတ်တော်ကလည်း မကြာခင် အတည်ပြုဖို့ရှိနေပါတယ်။

အကူအညီပေးရေးအစီအစဉ်သစ်အရ ယူကရိန်းတပ်ဖွဲ့၀င်တွေအတွက် လက်နက်တွေပိုမိုပေးအပ်နိုင်မှာဖြစ်သလို ယူကရိန်းအစိုးရကို စီးပွားရေးအကူအညီတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှုတွေ ပိုမိုပေးအပ်နိုင်မှာဖြစ်ပါတယ်။

မတ်လအစောပိုင်းကလည်း ယူကရိန်းအတွက် အရေးပေါ်အကူအညီ ဒေါ်လာ ၁၃ ဒသမ ၆ ဘီလီယံကို အမေရိကန် ကွန်ဂရက်က ခွင့်ပြုခဲ့ပါတယ်။

ယူကရိန်းအတွက် အမေရိကန်ရဲ့ လက်ရှိကူညီမှုတွေဟာ ဆယ်စုနှစ်နှစ်ခုအတွင်း အကြီးများဆုံး နိုင်ငံခြားအကူအညီပေးရေး အစီအစဉ်ဖြစ်ကြောင်း နယူးယောက်တိုင်းမ်းသတင်းဌာနက ဖော်ပြထားပါတယ်။

Ref: NHK
Photo:AP
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW