မြန်မာ – လာအို ချစ်ကြည်ရေးတံတား ပြန်ဖွင့်

မေ ၁၃-၂၀၂၂
KK(VOM)

ကိုဗစ်ရောဂါကြောင့် ၂နှစ်ကျော်ကြာပိတ်ထားတဲ့ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့က မြန်မာ-လာအိုချစ်ကြည်ရေးတံတားကို ဒီကနေ့ မနက်ပိုင်းမှာ နှစ်ဖက်နိူင်ငံက တာဝန်ရှိသူတွေနဲ့ ဖွင့်လှစ်ခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ သိရပါတယ်။

မြန်မာ – လာအိုချစ်ကြည်ရေးတံတားပြန်ဖွင့်ဖို့ မေလပထမအပတ်ကတည်းက ကျိုင်းလပ်မြို့နယ်က တာဝန်ရှိသူတွေနဲ့ လာအိုနိူင်ငံတာဝန်ရှိသူတွေဆွေးနွေးပြီးမှ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတဦးက ပြောပါတယ်။

“အဓိက ကိုဗစ်စည်းကမ်းနဲ့ပဲ တံတားကိုဖြတ်သန်းခွင့်ပေးမှာ၊ ယာဥ်မောင်းတစ်ယောက်က ကိုဗစ်ဆေး နှစ်ကြိမ်ထိုးတဲ့သူဖြစ်ရမယ်၊ ကုန်ကားတစ်စီးမှာ ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်ပဲ နှစ်ဦးခွင့်ပြုမယ်”လို့သူကရှင်းပြပါတယ်။

ဒါ့အပြင် ကုန်စည်တွေပို့ဆောင်ရာမှာ လာအိုဘက်ကနေ သတ်မှတ်ထားတဲ့ ကုန်ကွင်းမှာ ကုန်တင်ကုန်ချ ပြုလုပ်ရမှာဖြစ်သလို မြန်မာဘက်က တင်သွင်းလာတဲ့ ကုန်ပစွည်းတွေကို လာအိုဘက်မှ လက်ခံကာ တရုတ်နိူင်ငံကို တဆင့်ပြန်လည်ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။

ကျိုင်းလပ်မြို့က ကုန်တင်ယာဥ်မောင်းတဦးက”အခုလိုခွင့်ပြုလိုက်တော့ တရုတ်ကနေ တိုက်ရိုက်တင်ပို့ခွင့်ပိတ်ထားတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေ လာအိုကနေတဆင့် တရုတ်ကိုပို့လို့ရတာပေါ့”လို့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတဦးကပြောပါတယ်။

ဒီလိုခွင့်ပြုလိုက်ပေမယ့် လက်တလောမှာ ဘယ်ကုန်ပစွည်းတွေကို ခွင့်ပြုထားပြီး သယ်ဆောင်ခွင့်မရှိတဲ့ ကုန်ပစွည်းအမည်တွေသိရအောင် ဝန်ကြီးဌာနလည်း စုံစမ်းနေသေးတယ်လို့ သိရပါတယ်။

ကုန်စည်ပို့ဆောင်တဲ့ယာဥ်မောင်းတွေအတွက် မြန်မာ – လာအိုချစ်ကြည်ရေးတံတားကို မနက် ၇ နာရီကနေ ညနေ (၅)နာရီထိ နေ့စဉ်ဖွင့်လှစ်ထားမှာဖြစ်ပြီး ယာဥ်မောင်းတွေဟာ ပို့ဆောင်တဲ့ကုန်စည်တွေကို နေ့
ချင်းအပြီးဆောင်ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ – လာအိုချစ်ကြည်ရေးတံတားဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နဲ့လာအိုနိုင်ငံ၊ လွန်းနံ့သာ (Luang Namtha) ပြည်နယ်၊ လောင်းပြည်နယ်၊ ကျိုင်းကော့ (Xieng Kok)ရွာကို ချိတ်ဆက်ဖို့အတွက် မဲခေါင်မြစ်ကို ဖြတ်ထိုးတဲ့ တံတားဖြစ်ပါတယ်။

ရန်ကုန်မှာ ၂၀၀၃ ခုနှစ်က ကျင်းပတဲ့ ဧရာဝတီ
-ကျောက်ဖရား-မဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMCES) အစည်းအဝေးမှာ ဗီယက်နမ်က အဆိုတင်သွင်းခဲ့ပြီး ဆယ်နှစ်အကြာ ၂၀၁၃ ခု၊ ဖေဖော်ဝါရီလ ၁၆ ရက်မှာ စတင်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ-လာအို သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၁၅ ခု၊ မေလမှာ သမ္မတ ဦးသိန်းစိန်နဲ့ လာအို ပြည့်သူတော်လှန်ရေးပါတီ အထွေထွေအတွင်းရေးမှူး ခြုံမလီ ဆရာဆုံ တို့က ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မြန်မာ-လာအို #ချစ်ကြည်ရေးတံတားပြန်ဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW