ကလေးမြိုနယ်တောင်ပိုင်းမှာ တိုက်ပွဲရှောင်နေရင်း ရွာမီးရှို့ခံရလို့ အိုးအိမ်မဲ့ ပြည်သူ ရာနဲ့ချီ ရှိနေ

မေ ၊ ၁၆-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် တောင်ပိုင်း ၊ မြစ်သာမြစ်ရဲ့ အရှေ့ဘက်ကမ်းနဲ့ နွားတောင် တောင်တန်းအကြားမှာ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်တာတွေ အရှိန်တိုးမြင့်လာတဲ့အတွက် ပစ်ခတ်တာတွေဖြစ်ပြီး အဲ့ဒီနယ်ဘက်က ရွာတွေဟာ လူမနေရဲတော့ဘဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

” မနေ့က မနက် ၁၀ နာရီဝန်းကျင်မှာ နွားတောင်ဘက်ကို လေယာဥ်တွေနဲ့ လာပစ်တယ် ၊ ရွာနားမှာ တိုက်ပွဲဖြစ်တော့ ရွာမှာမနေရဲလို့ ထွက်ပြေးတိမ်းရှောင်နေရတာပါ ” လို့ တိုက်ပွဲရှောင် ဒေသခံတယောက်က ပြောပါတယ်။

မနေ့က မနက်အစောပိုင်း စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ကုက္ကို ၊ လယ်ကြား ၊ ရှားတော ၊ စည်းဟောင် ၊ အရှေ့စည်း ၊ ဒိုးနွယ် ၊ တင်သား ၊ ရှားဘို စတဲ့ ရွာတွေက ဒေသခံ လူ ၁ သောင်းဝန်းကျင်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အဲ့ဒီ နွားတောင်ဘက်ကို လေယာဥ်တွေနဲ့ လာရောက်ပစ်ခတ်တာနဲ့ ပတ်သက်လို့ ကလေးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ” အဲ့ဒီ နွားတောင်ဘက်က အကြမ်းဖက် ရန်သူ့စခန်းကို ဝင်ရောက်စီးနင်းတာပါ၊ အကြမ်းဖက်တွေနေတဲ့ လူနေတဲ ၁၀ လုံး၊ လက်လုပ်စိန်ပြောင်း ၅ လက်၊ ၁၂ဗို့ကျည်ဆံ ၉၅၀ တောင့်၊ AKကျည်ဆံ ၄၅၀ တောင့်၊ ခါးချိုးသေနတ် ၅ လက်၊ လက်လုပ်လက်ပစ်ဗုံး ၄၀ လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၈၀ လုံး၊ ဒီတိုနေတာ ၂၀၀ ခု၊ ပျောက်ကျားယူနီဖောင်း ၁၄၀ ထည်၊ ကျည်ကာအင်္ကျီ ၂၈ ထည်၊ ဖိုင်ဘာဦးထုတ်တွေ ၊ ရိက္ခာဆေးဝါးတွေ ၊ အရပ်ဝတ်အင်္ကျီတွေ သိမ်းဆည်းရမိတယ် ၊ ရွာတွေထဲကို စစ်ကြောင်းဝင်ရောက်တာ မရှိဘူး ” လို့ ပြောပါတယ်။

ကလေးမြို့နယ် တောပိုင်း နဲ့ ဂန့်ဂေါမြို့နယ်ရဲ့မြောက်ပိုင်းတွေကို အခုလ လဆန်းပိုင်းကစလို့ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်တာတွေ အရှိန်တိုးမြင့်လာတဲ့အတွက် ဒေသခံပြည်သူတွေဟာ ရွာမှာမနေရဲတော့တာကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

အဲ့ဒီလို ထွက်ပြေးတိမ်းရှောင်နေတဲ့အချိန်မှာ ရွာကိုမီးနဲ့ရှို့ခံရတဲ့အတွက် ထွက်ပြေးရင်း အိုးအိမ်မဲ့ ဖြစ်သွားရတဲ့ ပြည်သူ ရာနဲ့ချီပြီး ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီရွာတွေ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး ဘယ်သူတွေရှို့တယ် ၊ အိမ်ခြေ ဘယ်လောက် မီးလောင်ဆုံးရှုံးတယ်ဆိုတာကိုတော့ VOM က သီးခြားအတည်မပြုနိုင်ပါဘူး။

#voiceofmyanmar #VOM #ကလေး #အိုးအိမ်မဲ့ပြည်သူ

Related posts

Leave a Comment

VOM News

FREE
VIEW