ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲဖြစ်မှာကို ရခိုင်ပြည်သူတွေစိုးရိမ်နေ

မေ ၁၇-၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံအတွင်း သဘာဝသယံဇာတပေါကြွယ်ဝတဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့အပြင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ လှပတဲ့ပင်လယ်ကမ်းခြေတွေရှိတဲ့ အနောက်ဖက်အကျဆုံး ပြည်နယ်တစ်ခုဖြစ်ပါတယ်။

အဲဒီ ပြည်နယ်ထဲမှာ ပြည်တွင်းစစ်ရေးပဋိပက္ခတစ်ခုဟာ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ကုန်ပိုင်းကစပြီး မုန်တိုင်းတခုလို ပြင်းထန်ခဲ့ပါတယ်။

အဓိကအားဖြင့် အဲဒီစစ်ရေးပဋိပက္ခဟာ လက်ရှိ လူသိများထင်ရှားနေတဲ့ ရက္ခိုင့်တပ်တော်(ARAKAN ARMY- AA)နဲ့ လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ တပ်မတော်တို့ကြား တိုက်ခိုက်ခဲ့ကြတဲ့ ပြည်တွင်းစစ်ရေးပဋိပက္ခ ဖြစ်ပါတယ်။

အေအေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားမှု စတင်ပြင်းထန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကာလဟာ အဲဒီအချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရလက်ထက်ဖြစ်ပြီး လက်ရှိ နစက ကောင်စီလက်ထက်မှာလည်း ရခိုင်ပြည်နယ်မှာ နှစ်ဖက်စစ်ရေးတင်းမာမှုတွေ ရှိလာနေပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလကုန်ပိုင်းကစပြီး သေနတ်သံတွေ သိသိသာသာ တိတ်ဆိတ်သွားပြီး နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပပြီး ကာလနောက်ပိုင်းမှာတော့ တပ်မတော်နဲ့ အေအေကြား နှစ်ဖက်နားလည်မှုနဲ့ အပစ်အခတ်ရပ်ကြတဲ့အခါ ရခိုင်ဒေသဟာ တည်ငြိမ်မှုပြန်ရလာခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နစက ကောင်စီတက်လာပြီးနောက်ပိုင်း အေအေကို အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပယ်ဖျက်ပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

နှစ်ဖက်နားလည်မှုနဲ့ အပစ်ရပ်ထားစကာလမှာ ရခိုင်ပြည်နယ်အတွင်း ခရီးသွားပြည်သူတွေ သွားလာတဲ့အခါ စစ်တပ် စစ်ဆေးရေးဂိတ်တွေမှာ တင်းကျပ်တဲ့စစ်ဆေးမှုတွေကို ဖြေလျော့ပေးမှုပြုလုပ်ခဲ့ပေမယ့် ယခု ၂၀၂၂ ခုနှစ် မေလကစပြီး စစ်ဆေးရေးဂိတ်တွေမှာ တင်းကျပ်တဲ့စစ်ဆေးမှုတွေရှိလာတယ်လို့ ဒေသခံခရီးသွားတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ်မှ ဒေသခံတဦးက “ဒီလ ၁၀ ရက်နေ့ကဆိုရင် ကျနော်တို့စစ်တွေကို ကျောင်းသွားတက်တာ ပုဏ္ဏားကျွန်း- ရသေ့တောင်ကားလမ်းမှာ တပ်ကစစ်ဆေးတာတွေလုပ်တာတော့ရှိတယ်။ အဲဒါက ပြဿနာ သိပ်မရှိခဲ့ပေမယ့် ခရီးသည်တွေက ကြောက်ကြတယ် ”လို့ ပြောပါတယ်။

အခုနောက်ပိုင်းမှာ တပ်မတော်ဖက်ကလည်း အေအေနဲ့ ဆက်စပ်သံသယရှိတယ်လို့ ယူဆရသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်လာပြီး ကုန်စည်ပို့ဆောင်ရေးတွေမှာလည်း ပြည်နယ်ကောင်စီ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးရဲ့ ခွင့်ပြုချက်ပါမှ ဖြတ်သန်းခွင့်ရတာ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာ ကုန်ကားတွေကို အချိန်ကြာကြာစစ်ဆေးမှုလုပ်တာတွေကို အေအေဖက်က ကန့်ကွက်မှုတွေရှိနေပါတယ်။

နစက ကောင်စီအစိုးရ၊ တပ်မတော်တို့ကလည်း ရခိုင်ပြည်နယ်အတွင်း အေအေရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကို ULA က ပိုမိုကျယ်ပြန့်စွာ ပြုလုပ်လာတဲ့အပေါ် ကန့်ကွက်မှုတွေရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ကဆိုရင် အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ သူ့ရဲ့ လူမှုကွန်ရက် Twitter ကနေတဆင့် ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို သတိပေးတဲ့အထိ ပြုလုပ်ခဲ့ပြီး လူမှုကွန်ရက်တွေပေါ်မှာလည်း ဝေဖန်သုံးသပ်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့ အာရုံနောက်နေပြီ ငြိမ်းချမ်းရေး ဘာညာသောက်ဂရုစိုက်နေမှာ မဟုတ်ဘူး မင်းနေတဲ့နေရာအထိ တက်ကြိတ်ပလိုက်မှာနော်လို့ ” ရေးသားထားတာဖြစ်ပါတယ်။

အဲဒီ အချက်တွေအပြင် မေလ ၁၅ ရက်နေ့ကလည်း အေအေက ရခိုင်ပြည်နယ်မှာ နှစ်ဖက်တိုက်ပွဲတွေ အချိန်မရွေး ပြန်ဖြစ်လာနိုင်တယ်လို့ ပြည်သူတွေကို အသိပေးထားပါတယ်။

အဲဒီလို သတိပေးချက်တွေကြောင့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြန်ဖြစ်လာနိုင်ခြေကို ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက “ULA ကလည်း တိုက်ပွဲဖြစ်နိုင်တယ်လို့ပြောထားတယ်။ မြေပြင်မှာလည်း ထိုနေရာ ဒီနေရာဆိုင်ထားတာတွေရှိတယ်။ ထိတွေ့မှုတွေရှိတယ်။ တိုက်ပွဲမဖြစ်ရုံဘဲ ရှိတယ်။ ကြေညာချက်မှာလည်းပါတယ်။ တရားစီရင်ရေး၊ အုပ်ချုပ်ရေးအဖွဲ့တွေကို နှောင့်ယှက်နေတာတွေ၊ ကုန်စည်စီးဆင်းမှု ရပ်တန့်အောင်လုပ်တာတွေ၊ မူဆလင်တွေနဲ့ ချစ်ကြည်ရေးကို ဖျက်ဆီးတာတွေကို ဆက်ပြီးလုပ်မယ်ဆိုရင် ဒီဖက်ကလည်း တုန့်ပြန်သွားနိုင်တဲ့အခြေအနေမှာရှိနေတယ် ” လို့ သုံးသပ်ပြောဆိုပါတယ်။

တစ်ဖက်မှာလည်း ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလ စစ်ရေးဒဏ်ကြောင့် နေရပ်စွန့်ခွာသူတွေရှိနေပြီး သူတို့ကတော့ နေရပ်ပြန်ဖို့ စိတ်အားထက်သန်နေပြီး ရခိုင်စစ်ပွဲဖြစ်ပွားမှာကို မလိုလားဘဲ ငြိမ်းချမ်းရေးရရင် ရွာကိုပြန်ချင်တယ်လို့ ပြောဆိုနေကြပါတယ်။

“ကျနော်တို့ မေလ ၁၅ ရက်က သတင်းတွေမှာကြည့်တဲ့အခါ တိုက်ပွဲတွေပြန်ဖြစ်လာနိုင်တယ်ဆိုပြီး တွေ့တယ်။ တိုက်ပွဲတွေ ပြန်ဖြစ်မှာကို ကြောက်လန့်မိပါတယ်။ ကျနော်တို့ ဒုက္ခသည်တွေအနေနဲ့တော့ စိုးရိမ်မိပါတယ်။ နေရပ်ပြန်ဖို့အတွက်လည်း ပြည်နယ်အစိုးရကို စာတင်ထားပေမယ့် အခုထိဘာမှမထူးသေးဘူး ” လို့ ကျောက်တော်မြို့နယ်၊ တင်းမကြီးကျေးရွာမှ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

စစ်ဘေးရှောင်တွေအနေနဲ့ လက်ရှိမှာ စားရေးသောက်ရေး၊ နေရေးထိုင်ရေးအဆင်မပြေမှုတွေရှိနေတဲ့အတွက် တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ကြတာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေပြန်ဖြစ်လာခဲ့ရင် ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်မှုပျက်ပြားသွားပြီး ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်ကာ စီးပွားရေနာလံမထူနိုင်မှာကိုလည်း စိုးရိမ်ကြသူတွေရှိနေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စစ်ဆိုတာဟာ နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ လူသားတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို တခဏတာအတွင်း ပျက်စီးဆုံးရှုံးစေတတ်တဲ့အတွက် စစ်ပွဲဖြစ်ပွားမှာကို မလိုလားကြကြောင်း ပြည်သူတွေက ပြောဆိုနေကြပါတယ်။

သို့ပေမယ့် လက်နက်ကိုင် နှစ်ဖွဲ့ကြား တစ်ဖက်နဲ့ တစ်ဖက် ညှိနှိုင်းဖြေရှင်းမှုတွေမပြေလည်တဲ့အခါ ရှောင်လွှဲမရဘဲ ထိပ်တိုက်တွေဖြစ်ကြတဲ့ ဖြစ်စဉ်တွေရှိကြောင်း စစ်ရေးအကဲခတ်တွေက သုံးသပ် ပြောဆိုထားပါတယ်။

ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက “ တမင်တကာ ရည်ရွယ်ချက်ရှိရှိ တစ်ဖွဲ့ကို တစ်ဖွဲ့သွားတိုက်မှာတော့မဟုတ်ဘူး။ တင်းမာနေတဲ့အနေထားမှာရှိတယ်။ ဒီအခြေအနေတွေကိုလည်း နှစ်ဖက်စလုံးက သိနေပုံရပါတယ်။ ULA ဘက်က ကြေညာချက်ထုတ်သလို ဆက်လုပ်နေမယ်ဆိုရင်တော့ တိုက်ပွဲဖြစ်ဖို့များတဲ့ အခြေအနေမှာရှိတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဦးဖေသန်းက “NUG ရော နစက ကောင်စီဖက်ကရော နှစ်ဖက်စလုံးက ဆွေးနွေးဖို့ဖိတ်ခေါ်တဲ့အခါ ဒါပေမယ့် ULA ဖက် ဘာမှအကြောင်း ပြန်ခဲ့တာမရှိဘူး။ ဆွေးနွေးတယ်ဆိုတာကတော့ နစကနဲ့ မဆွေးနွေးပဲ NUG နဲ့ ဆွေးနွေတယ်ဆိုတာကတော့ ဒီဖက်ကို နည်းနည်းအလေးသာသွားတဲ့သဘောရှိတယ်။ နိုင်ငံရေး၊ စစ်ရေးလမ်းကြောင်း သဘောမျှခြေရှိရင်တော့ NUG နဲ့ ပူးပေါင်းသွားနိုင်ခြေရှိတယ်”လို့လည်း သုံးသပ်ပြောဆိုပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေကြား စစ်ရေးတင်းမာမှုတွေရှိနေတယ်ဆိုတာ အရှိတရားဖြစ်နေပြီး နှစ်ဖက်ထိပ်တိုက်မတွေ့ခင်မှာ တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးလမ်းကြောင်းအရ အဆင်ပြေသွားမလား တိုက်ပွဲတွေ ပြန်ဖြစ်ပြီး ၂ နှစ်နီးပါးကြာ ရပ်တန့်နေတဲ့ သေနတ်သံတွေ ကြားလာရမလားဆိုတာ စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရခိုင် #တကျော့ပြန်တိုက်ပွဲဖြစ်လာမှာ #ပြည်သူတွေစိုးရိမ်

Related posts

Leave a Comment

VOM News

FREE
VIEW