ခင်ဦးမြို့ပေါ်က နာမည်ကြီးစတိုးဆိုင် ဓားပြတိုက်ခံရ

မေ ၊ ၂၀-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့ ၊ အောင်ချမ်းသာရပ်ကွက် ၊ ဗိုလ်ချုပ်ကြေးရုပ်အနီးမှာရှိ စားသောက်ကုန်နဲ့ စတိုးဆိုင်ဟာ မနေ့က ၊ ညနေပိုင်းမှာ ဓားပြတိုက်ခံရပြီး ဆိုင်ထဲရှိ ပစ္စည်းတွေ ဖျက်ဆီးခံရတယ်လို့ ခင်ဦးမြို့ခံတွေဆီက သိရပါတယ်။

” သေနတ်တွေကိုင်ထားတဲ့ လူငယ် ၁၀ ယောက်ကျော်က ဟန်နီစတိုးကို ဓားပြတိုက် လုယက်ဖျက်ဆီးသွားတာ ” လို့ အဲ့ဒီစတိုးဆိုင် အနီးဝန်းကျင်က ပြောပါတယ်။

သေနတ်တွေကိုင်ပြီး စတိုးဆိုင်ထဲဝင်ရောက်လာသူတွေက ကောင်တာထဲက ပိုက်ဆံ သိန်း ၂၀ ကျပ် ၊ ဆိုင်ဝန်ထမ်းတွေရဲ့ လက်ကိုင်ဖုန်း ၂ လုံး ၊ ဆိုင်မှာတပ်ဆင်ထားတဲ့ CCTV ကွန်ပျူတာဘောက်တွေကို ယူဆောင်ပြီး ဆိုင်ထဲက မှန်ကောင်တာတွေနဲ့ စျေးကုန်ပစ္စည်းတွေကို ရိုက်ချိုးဖျက်ဆီးသွားတာဖြစ်ပါတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် နာရီအနည်းငယ်ခြားပြီးနောက် စစ်သားနဲ့ ရဲတွေပါတဲ့ အဖွဲ့ရောက်လာပြီး အမှုဖွင့်အရေးယူဖို့ စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ခင်ဦးမြို့ပေါ်မှာ နေ့ခင်းအချိန် ဓားပြတိုက်၊လုယက်ခံရတဲ့ဖြစ်စဥ်ဟာ ပထမဆုံး အကြိမ်ဖြစ်ပွားတာလို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေမှာတော့ အသေးစား ငွေချေးလုပ်ငန်းကုမ္မဏီက ချေးငွေလိုက်သိမ်းတဲ့သူတွေ လုယက်ခံရတဲ့ ဖြစ်စဥ်တချို့ ပေါ်ပေါက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ခင်ဦး #စတိုးဆိုင် #ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW