ပေါင်းတည်က အမျိုးသားတဦး ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ သေဆုံး

မေ ၁၉-၂၀၂၂
VOM (GG)

ပဲခူးတိုင်း အနောက်ပိုင်း ၊ ပေါင်းတည်မြို့က ကိုမင်းမင်းဆိုသူ အမျိုးသားတဦးဟာ မနေ့ မေလ ၁၈ ရက်နေ့က ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေလ ၁၅ ရက်နေ့က ပေါင်းတည်၊ ကြို့ပင်ကျေးရွာအုပ်စု၊ သဖန်းကုန်း – တာပွန်လမ်းပေါ်မှာ ကင်းလှည့်နေတဲ့ ဆိုင်ကယ်သုံးစီးနဲ့ ရဲတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ် ။

” ကိုမင်းမင်းဖွင့်ထားတဲ့ကွမ်းယာဆိုင်က ရဲတွေတိုက်ခိုက်ခံရတဲ့ နေရာနဲ့နီးတယ်။ဒါကြောင့်စစ်ဆေးဖို့ဆိုပြီး ဖမ်းသွားပြီး ဒီနေ့ကျသေပြီလို့ သတင်းသိရတာ၊သူက လူမှုဆက်ဆံရေးလည်းကောင်းတဲ့သူပါ”လို့ ပေါင်းတည်ဒေသခံတဦးကပြောပါတယ်။

သေဆုံးသူ ကိုမင်းမင်းဆိုသူဟာ မနေ့ မေလ ၁၈ ရက် နေ့လယ် ၁၂ နာရီ လောက်မှာအဖမ်းခံရတာဖြစ်ပြီး ဒီနေ့မေလ၁၉ရက်နေ့မှာ သေဆုံးသွားပြီလို့ အကြောင်းကြားလာတာဖြစ်တယ်လို့ သိရပါတယ်။

ကိုမင်းမင်းသေဆုံးမှုနဲ့ပတ်သက်ပြီး မြို့နယ်တာဝန်ရှိသူတွေက မိသားစုဆီကို အအေးပတ်သေဆုံးခြင်းဖြစ်တယ်လို့ အကြောင်းကြားပြီး ရုပ်အလောင်းကိုတော့ ပေါင်းတည်ဆေးရုံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ကိုမင်းမင်းဟာ ပေါင်းတည်မြို့နယ်၊ ကြို့ပင်အုပ်စု၊ဟင်္သာကန်ကျေးရွာမှာ နေထိုင်သူဖြစ်ပြီး NLD ပါတီဝင်တဦးလည်းဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပေါင်းတည် #အမျိုးသာတဦး #စစ်ကြောရေးမှာသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW