တောင်ကြီး စဝ်စံထွန်းဆေးရုံက CDM ဆရာဝန်လင်မယား(၂)ဦး ဖမ်းဆီးခံရ

မေ ၂၁-၂၀၂၂
KK(VOM)

တောင်ကြီးမြို့နယ်၊ စဝ်စံထွန်းရပ်ကွက်၊ ဗိုလ်ချုပ်
အောင်ဆန်းလမ်းမပေါ်ရှိ စဝ်စံထွန်းဆေးရုံကြီးက
CDM ပြုလုပ်ထားတဲ့ ဒေါက်တာမြစန်းနဲ့ဇနီးဖြစ်သူ
ကို ပြီးခဲ့တဲ့ မေလ ၁၉ရက်နေ့မှာပဲ စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“သူက စဝ်စံထွန်းဆေးရုံမှာ သူ့အမျိုးသမီးက မိခင်နဲ့ကလေးဆေးရုံက ဆရာဝန်၊ မနေ့က မဟုတ်ဘူး ၁၉ ရက်နေ့ကဖမ်းတာ “လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူနှစ်ဦးဟာ စဝ်စံထွန်းဆေးရုံက မေ့ဆေးဆရာဝန်ကြီးဒေါက်တာမြစန်းနဲ့ဇနီးဖြစ်သူမှာ မိခင်နဲ့ ကလေးဆေးရုံက ဓာတ်မှန်နဲ့ အာထရာဆောင်း ဆရာဝန်မကြီး ဒေါက်တာအေးခိုင်ဦးတို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။

“သူတို့တွေကို PDF ထောက်ပံ့တယ်ဆိုတဲ့ သတင်းပေးချက်အရ ဖမ်းတာ”လို့ သူကပြောပါတယ်။

တောင်ကြီးမြို့နယ်မှာ မေလ ၁၉ ရက်နေ့ မနက်က အဲ့ဒီဆရာဝန်လင်မယားနှစ်ဦးအပြင် သံဃာဆေးရုံက အမျိုးသမီးဆရာဝန်တဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက CDM ကျန်းမာရေးဝန်ထမ်းတွေ ပုဂ္ဂလိကဆေးရုံတွေမှာ အလုပ်လုပ်ဆောင်ခြင်းရှိ/မရှိ စစ်ဆေးမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ပြီးနောက်ပိုင်း အခုလို ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

တောင်ကြီးမြို့နယ်မှာ CDM ကျန်းမာရေးဝန်ထမ်းတွေအပြင် ပြီးခဲ့တဲ့လတွေက ပညာရေးဝန်ထမ်းအချို့လည်း ဖမ်းဆီးခံခဲ့ရတာလည်း ရှိပါတယ်။

#voiceofmyanmar #VOM #တောင်ကြီး #စဝ်စံထွန်းဆေးရုံ #CDMဆရာလင်မယား #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW