ထိုင်၀မ်ကို တရုတ်ကတိုက်ခိုက်လာရင် အမေရိကန်က စစ်ရေးအရ ကာကွယ်ပေးသွားမယ်လို့ ဂျိုးဘိုင်ဒင်ပြော

တိုကျို၊ မေ-၂၃-၂၀၂၂
မျိုးဆက်(VOM)

ထိုင်၀မ်အရေးမှာ တရုတ်နိုင်ငံဟာ အန္တရာယ်နဲ့ကစားနေတာဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးပြောဆိုလိုက်ပြီး ထိုင်၀မ်ကျွန်း တိုက်ခိုက်ခံရပါက ကာကွယ်ပေးဖို့အတွက် စစ်ရေးအရ ၀င်ရောက်စွက်ဖက်သွားမယ်လို့ ကတိပြုပြောဆိုလိုက်ပါတယ်။

ထိုင်၀မ်မူဝါဒနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ကာလရှည်ကြာမူဝါဒဟာ ပြောင်းလဲခြင်းမရှိဘူးလို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပေမယ့်လည်း ဂျပန်နိုင်ငံမှာရောက်ရှိနေတဲ့ သမ္မတဂျိုးဘိုင်ဒင်ရဲ့ ပြောဆိုမှုဟာ အဲဒီမူဝါဒနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။

မစ္စတာဘိုင်ဒင်ဟာ သမ္မတတာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဒေသတွင်းမဟာမိတ်တွေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံ ခရီးစဉ်ကို သွားရောက်နေတာဖြစ်ပါတယ်။

ယူကရိန်းကို ရုရှားကကျူးကျော်မှုလိုမျိုး ထိုင်၀မ်ကို တရုတ်က ကျူးကျော်လာခဲ့မယ်ဆိုရင် အမေရိကန်က စစ်ရေးအရ ကာကွယ်ပေးမလားဆိုပြီး သတင်းထောက်တဦးရဲ့ မေးမြန်းမှုအပေါ် ဘိုင်ဒင်က “ ဟုတ်ပါတယ် ဒါဟာ ငါတို့ရဲ့ ကတိက၀တ်ပဲ”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

အင်အားသုံး သိမ်းယူနိုင်တယ်ဆိုတဲ့အယူအဆဟာ မသင့်တော်ပါဘူး။ ဒါဟာ ဒေသတခုလုံးရဲ့ အခြေအနေပြောင်းလဲသွားစေနိုင်မယ့် ယူကရိန်းမှာဖြစ်ပွားခဲ့တဲ့ အလားတူ လုပ်ဆောင်မှုမျိုးဖြစ်လိမ့်မယ်လို့ အမေရိကန်သမ္မတက ပြောပါတယ်။

ထိုင်၀မ်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက တိုက်ခိုက်မယ်ဆိုရင် အမေရိကန်က ပြတ်ပြတ်သားသား ခုခံကာကွယ်ပေးသွားမယ်ဆိုတဲ့ သမ္မတဂျိုးဘိုင်ဒင်ပြောကြားခဲ့တဲ့ စကားဟာ ယခုတကြိမ်နဲ့ဆိုရင် ဒုတိယအကြိမ်မြောက်လည်းဖြစ်ပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW