ဒဂုံဆိပ်ကမ်းမှာ ၁သောင်းတန်နဲ့ ၅ထောင်တန် ငွေစက္ကူအတုတွေ ဖမ်းမိ

မေ ၂၅-၂၀၂၂
KK(VOM)

ဒဂုံဆိပ်ကမ်းမြို့နယ်မှာ မနေ့ မေလ ၂၄ရက် ညနေပိုင်းက အမျိုးသားတဦးဆီကနေ ၁သောင်းတန်နဲ့၅ထောင်တန် ငွေစက္ကူအတုတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်၊ ဒုဌဝတီလမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာ မနေ့ မေလ ၂၄ရက် ညနေ ၅နာရီခွဲက စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဆိုက်ကားတစ်စီးကို ရှာဖွေစစ်ဆေးရာကနေ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးကပြောပါတယ်။

“ဆိုက်ကားစီးလာတဲ့ လူသုံးဦးကို စစ်ဆေးတာ နှစ်ဦးက ထွက်ပြေးသွားတယ်၊ တစ်ဦးကို ငွေစက္ကူတွေနဲ့မိတယ်”လို့ သူကပြောပါတယ်။

ဖမ်းဆီးရမိသူဟာ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာနေထိုင်တဲ့ မင်းမင်း (ခေါ်) မင်းခန့်ဖြစ်ပြီး သူကိုင်ဆောင်ထားတဲ့ ကြွပ်ကြွပ်အိတ်အတွင်းက ၁သောင်းတန်စက္ကူအတု ၁၈၇ရွက်၊ ၅ထောင်တန်ငွေစက္ကူအတု ၆၃၉ ရွက်သိမ်းဆည်းရမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“သူနဲ့နောက်ထပ်ကွင်းဆက်တွေမိဖို့ ရဲတပ်ဖွဲ့ကလိုက်နေပါတယ်၊ သူကိုတော့ အမှုဖွင့်ပြီး စစ်ဆေးနေပါတယ်”လို့ သူကပြောပါတယ်။

ရန်ကုန်မှာ မေလအတွင်း ငွေစက္ကူအတုဖမ်းဆီးရမိခဲ့တာဟာ သုံးကြိမ်မြောက်ရှိနေပြီး မေလ၅ ရက်က ရွှေပြည်သာမြို့နယ်မှာ ၁သောင်းတန်ငွေစက္ကူအတုတွေ
ဖမ်းမိခဲ့သလို မေလ ၅ ရက်ကလည်း မရမ်းကုန်မြို့
နယ်မှာ ၅ထောင်တန်ငွေစက္ကူအတုတွေ ဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် ဧပြီလ ၂၃ ရက် နေ့လယ်ပိုင်းကလည်း ကန်ကြီးထောင့်မြို့နယ်မှာ ၁သောင်းတန်ငွေစက္ကူအတုတွေနဲ့ ငွေလွှဲငွေထုတ်ပြုလုပ်သူ အမျိုးသား ၁ ဦးနဲ့အမျိုးသမီး ၁ ဦးတို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

၂၀၂၁ ဇန်နဝါရီလ ၆ ရက်ကနေ၂၀၂၂ မတ်လအတွင်း ပြည်နယ်နဲ့ တိုင်းဒေသကြီး ၅ ခု မှာ ၁သောင်းတန်နဲ့ ၅ထောင်တန် ငွေစက္ကူအတုတွေ ဖမ်းဆီးရရှိမှု ၁၀ ကြိမ်ရှိခဲ့တယ်လို့ နစကရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #၁သောင်းတန်၊၅ထောင်တန်အတု #ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW