ကားတိုက်လို့ ပျံလွန်တော်မူတဲ့ဘုန်းကြီးကို လိုက်ပို့တဲ့ ပရဟိတကား ယာဥ်တိုက်မှုထပ်ဖြစ်လို့ ယာဉ်မောင်းသေဆုံး

မေ ၂၇-၂၀၂၂
KK(VOM)

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာ မနေ့ မေ ၂၆ရက် နေ့လယ်ပိုင်းက လမ်းဘေးသစ်ပင်ဝင်တိုက်လို့ ပျံလွန်တော်မူသွားတဲ့ ဘုန်းကြီးကို လိုက်ပို့တဲ့ ပရဟိတယာဥ်တစီး ထပ်မံယာဥ်တိုက်မှုဖြစ်လို့ ယာဥ်မောင်းသေဆုံးသွားတယ်လို့ ရွှေမေတ္တာသာရေးနာရေးကူညီမှုအသင်းကနေ သိရပါတယ်။

“သွားပို့နေတဲ့အချိန်မှာ ယာဥ်တစ်စီးနဲ့တိုက်မိတယ်လို့ ပြောတယ်၊ အဲ့ဒီမှာပဲဆုံးသွားတာ၊ ကိုထက်နိူင်ကျော် သူက ပရဟိတအဖွဲ့မှာ အားကိုးရတဲ့သူပါ”လို့ ရွှေမေတ္တာသာရေးနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကျောင်းကုန်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းမိုင်တိုင်အမှတ် ၂/၅ နဲ့ ၂/၆ ကြား ဆိပ်ဖူးနီလေးကျေးရွာအနီးမှာ မနေ့နေ့လယ်ပိုင်းက ယာဉ်တစီးလမ်းဘေးသစ်ပင် ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ရာ သံဃာတစ်ပါး ပျံလွန်တော်မူပြီး တစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ပဲခူးကနေ ပုသိမ်ကို မောင်းလာတဲ့ သံဃာတော်ငါးပါးလိုက်ပါလာတဲ့ယာဥ်ဟာ ဆိပ်ဖူးနီလေးကျေးရွာအနီးမှာ မိုးသည်းထန်စွာရွာသွန်းလို့ အရှိန်လွန်ကာ လမ်းဘေးသစ်ပင်ကို ဝင်ရောက်တိုက်မိခဲ့တာဖြစ်တယ်လို့ သူကရှင်းပြပါတယ်။

ယာဥ်တိမ်းမှောက်လို့ ပျံလွန်တော်မူတဲ့ဆရာတော်ဟာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ စမ်းဝကျေးရွာ၊ မဏိဇောတိကာရုံကျောင်းတိုက်မှ ဥူးသောဘဏ သက်တော်(၆၀)နှစ်ဝါတော်(၁၇)ဝါ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အဆိုပါယာဥ်တိုက်မှုနဲ့ပတ်သက်ပြီး ယာဥ်မောင်းဖြစ်သူကို ကျောင်းကုန်းမြို့မရဲစခန်းမှ(ပ)၁၁/၂၀၂၂၊ ပုဒ်မ၃၀၄-က/၃၃၇နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

#voiceofmyanmar #VOM #ကျောင်းကုန်း #ယာဉ်တိုက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW