ပလက်ဝဒေသခံတွေပြောတဲ့ ထိတွေ့တိုက်ပွဲအကြောင်း

မေ၂၇-၂၀၂၂
SW(VOM)

တပ်မတော်နဲ့ အေအေတို့ကြား စစ်ရေးတင်းမာမှုတွေရှိနေတဲ့ကြားထဲမှာပဲ မနေ့ မေလ ၂၆ရက်က ပလက်ဝမြို့နယ်အတွင်းမှာ မိနစ်အတန်ကြာ ထိတွေ့တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ အေအေဖက်ကရော ဒေသခံတွေက ပါ ပြောပါတယ်။

ပလက်ဝမြို့ဒေသခံတဦးက “တိုက်ပွဲဖြစ်တာက ပလက်ဝမြို့နဲ့တော့ဝေးတယ်။ အဘောင်သားရွာနဲ့ စူးပေါင်းတောင်ဘက်မှာဖြစ်တာလို့ ကြားတယ်။ ပလက်ဝမြို့အနောက်ဘက်မှာ ဖြစ်ကြတာ” လို့ ပြောပါတယ်။

အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုကလည်း ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာအနီးမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာကို မှန်ကန်တယ်လို့ ပြောကြောင်း BBC ရဲ့သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

ဒီကနေ့ထိတော့ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး အေအေဖက်က တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးသလို တပ်မတော်ဖက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

မနေ့ မေလ ၂၆ ရက်နေ့ မနက်ပိုင်း ၁၀ နာရီလောက်က စပြီးတော့ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာအနီးမှာ တိုက်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာ ပလက်ဝအခြေစိုက် ခလရ ၂၈၉ တပ်ရင်းဖက်ကနေ ညနေပိုင်း ၄ နာရီလောက်အထိ လက်နက်ကြီးတွေနဲ့ အေအေတပ်ဖွဲ့ရှိတယ်လို့ ယူဆရတဲ့ စူးပေါင်းတောင်တန်းဖက်ကို ညနေပိုင်းအထိ အဆက်မပြတ် ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားမှာကို မလိုလားဘူးလို့ ဒေသခံတွေပြောနေတဲ့ကြားက အခုလို ထိတွေ့မှုဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ပလက်ဝ- ကျောက်တော် ကုလားတန်မြစ်ရေကြောင်းလမ်းတွေကိုလည်း ဒေသခံတွေ အသုံးပြုသွားလာတာမရှိဘူးလို့ သိရပါတယ်။

ပလက်ဝမြို့ထဲမှာတော့ ပုံမှန်အသွားအလာတွေရှိနေပြီး ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်ကို ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကတဆင့် မြို့လူထုကို အကြောင်းကြားထားတယ်လို့ ပလက်ဝမြို့က သုံးဘီးယာဉ်မောင်းသူတဦးက ပြောပါတယ်။

“ဒီဖက်မှာက စက်လှေတွေကို သွားလာခွင့်ပိတ်လိုက်ပါတယ်။ ညပိုင်း ၆ နာရီဆို အပြင်မထွက်ရ အမိန့်ထုတ်ထားပါတယ်။ ညမထွက်ရအမိန့်က အရင်ကလည်း ရှိပေမယ့် ပုံမှန်သွားလာလို့ရတယ်။ အခုက အခက်အခဲဖြစ်သွားပြီ” လို့ သူကပြောပါတယ်။

ပလက်ဝမှာ ရေကြောင်းသွားလာရေးတွေ ကန့်သတ်ထားတာ ရက်သတ္တပတ် တပတ်လောက်ကြာပြီဖြစ်ကြောင်းနဲ့ အခုတော့ ရေကြောင်းလမ်းကို အသုံးပြုသွားလာတာ လုံးဝမရှိသလောက်ဖြစ်သွားပြီလို့ ဒေသခံတွေကပြောပါတယ်။

အဲဒီလို အသွားအလာတွေရပ်တန့်နေတာကြောင့် ရေကြောင်းဆက်သွယ်ရေးကို အဓိက မှီခိုအားထားနေရတဲ့ ပလက်ဝမြို့မှာ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်လို့လည်း သိရပါတယ်။

“တိုက်ပွဲတွေ ဒီထက်ပြင်းလာမှာကိုတော့ စိုးရိမ်မှုရှိတယ်။ လမ်းတွေပိုပြီးပိတ်သွားမယ်။ အရင်တိုက်ပွဲဖြစ်ခဲ့တဲ့ကာလကလိုမျိုး စားနပ်ရိက္ခာတွေ အကုန်လုံးပိတ်သွားမယ့်အခြေအနေတွေကို စိုးရိမ်နေကြတယ်” လို့ အမည်မဖော်လိုတဲ့ ပလက်ဝဒေသခံတဦးက ပြောပါတယ်။

မနေ့က ပလက်ဝမြို့ထဲမှာ တပ်မတော်က စစ်ကားတွေသွားလာတာရှိပေမယ့် ဒီနေ့မှာ အသွားအလာလုပ်တာမတွေ့သေးကြောင်းနဲ့ တပ်မတော်က မြို့ထဲမှာရော မြို့အနီးက တောင်ကုန်းတွေမှာပါ စခန်းချနေထိုင်တာရှိပြီး သူ့နေရာနဲ့သူ ပုံမှန်နေထိုင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပလက်ဝမြို့ဟာ ကုန်စည်စီးဆင်းမှုအတွက် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အဓိကမှီခိုနေရတာဖြစ်ပြီး အရင်က ကုန်းလမ်း၊ ရေလမ်းနှစ်သွယ်လုံးကို အသုံးပြုသွားလာနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်လောက်က စပြီး တိုက်ပွဲတွေကြောင့် ကုန်းလမ်းကို အသုံးပြုသွားလာတာ မရှိတော့ဘူးလို့ သိရပါတယ်။

မနေ့က ပလက်ဝမြို့အရှေ့ဖက် ကုလားတန်မြစ်တစ်ဖက်ကမ်းကနေ လက်နေကြီးတွေ ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာကြောင့် ဒေသခံတွေကြားထဲမှာ စိုးရိမ်မှုဖြစ်ခဲ့ပါတယ်။

အဲဒီ လက်နက်ကြီးပစ်ခတ်မှုတွေဟာ မနေ့ ၅ နာရီနောက်ပိုင်းကနေ ရပ်တန့်သွားပြီး ဒီနေ့ မေ ၂၇ ရက်နေ့မှာတော့ ပစ်သံခတ်သံတွေ တစ်စုံတစ်ရာ မကြားရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလကစပြီး တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေကို နှစ်ဖက်နားလည်မှုနဲ့ ရပ်တန့်ခဲ့ကြတာဖြစ်ပြီး အဲဒီနောက်ပိုင်း ၂၀၂၂ ခုနှစ်မှာ ထိတွေ့မှုအဖြစ် မောင်တောမြို့နယ်နဲ့ မြေပုံမြို့နယ်ဘက်တွေမှာရှိခဲ့ကာ ပလက်ဝမြို့နယ်မှာ မနေ့က တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့တာကြောင့် ၃ ကြိမ်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

တချို့နေရာတွေမှာလည်း တပ်မတော်နဲ့ အေအေတို့ နှစ်ဖက်တပ်တွေ ရင်ဆိုင်ထားတဲ့အနေအထားမှာရှိပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က နစကကောင်စီရဲ့နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေရပြီး ပြဿနာဖြစ်လာခဲ့ရင် တပ်ကိုအဆိုးမဆိုဖို့အတွက် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ပလက်ဝ #ထိတွေ့တိုက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW