ပဲခူးတိုင်းမှာ CMP လုပ်ငန်းလုပ်ဖို့ တရုတ်နဲ့ဂျပန်နိုင်ငံက နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆.၁ သန်းရှိ

ပဲခူး မေ ၂၈
VOM (GG)

ပဲခူးတိုင်းမှာ မေလအတွင်း နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆.၁ သန်း တိုးမြှင့်ဝင်ရောက်မှုရှိခဲ့တယ်လို့ တိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီကသိရပါတယ်။

ရင်းနှီးမြှုပ်နှံခွင့်ရ ရှိတဲ့နိုင်ငံတွေကတော့ တရုတ်နိုင်ငံ အခြေစိုက် Weartec Seam Garment Manufacturing Co., Ltd နဲ့ ဂျပန်နိုင်ငံအခြေစိုက် Bago Sport Gloves Co., Ltd တို့ဖြစ်ပြီး CMP အထည်ချုပ်လုပ်ငန်းစက်ရုံအသစ်နဲ့ CMP လက်အိတ်အမျိုးမျိုး ထုတ်လုပ်တဲ့ စက်ရုံအသစ် ထပ်မံတိုးချဲ့ဖို့ အတွက် လာရောက်ရင်းနှီးမြှုပ်နှံတာဖြစ်ပါတယ်။

အဲ့ဒီစီမံကိန်းနှစ်ခုကနေ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ၁၄၅၀ ဦးကို ဖန်တီးပေးနိုင်မယ်လို့သိရပါတယ်။

“ရင်းနှီးမြှုပ်နှံသူတွေအတွက် လိုအပ်တဲ့ လမ်း၊ လျှပ်စစ်မီးနဲ့ ရေ ရဖို့ကို လုပ်ပေးရယ်၊ စက်ရုံ၊အလုပ်ရုံတွေ သတ်မှတ်ထားတဲ့ စက်မှုဇုန်တွေထဲမှာ လုပ်ကိုင်နိုင်ဖို့ကို စက်မှုဇုန်ကြီးကြပ်ရေးကော်မတီက အနီးကပ်ကြီးကြပ် ဆောင်ရွက် သွားမှာပါ ၊နောက်ပြီး ပြည်တွင်း အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းတွေ ဆက်လက်ရပ်တည်ရှင်သန်နိုင်ဖို့အတွက်လည်း အစိုးရအပိုင်းက လိုအပ်တဲ့ နည်းပညာနဲ့ ချေးငွေရရှိရေး ပံ့ပိုးကူညီမှုတွေလုပ်သွားမယ် ” လို့ ပဲခူးတိုင်းအစိုးရအဖွဲ့တာဝန်ရှိသူကပြောပါတယ်။

တိုင်းအတွင်းရင်းနှီးမြှုပ်နှံ ခွင့်ရရှိသူတွေအနေနဲ့ စက်မှုမြေအဖြစ် ခွင့်ပြုပေးထားတဲ့ မြေနေရာတွေ မြေလပ်မရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ဆောင်ရွက်ဖို့နဲ့ ခွင့်ပြုပေးထားတဲ့ လုပ်ငန်းအမျိုးအစားအလိုက် လိုက်နာဆောင်ရွက် ခြင်းမရှိပါက ဥပဒေ နဲ့အညီ အရေးယူ ဆောင်ရွက်မှာဖြစ်တယ်လို့သိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ မေလအထိဆိုရင် ပဲခူးတိုင်းအတွင်း နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ပေါင်း အမေရိကန်ဒေါ်လာ ၁၂၃.၇၁၂ သန်းနဲ့ မြန်မာကျပ်ငွေ ၉၅၂၉.၁၅ သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၇၄၅၈ ဦး ဖန်တီးပေးနိုင်ခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာ တိုင်းအတွင်း ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တွေခွင့်ပြုတဲ့အခါ ဒေသခံတွေကို အလုပ်အကိုင်အခွင့်အလမ်း များများရရှိစေမယ့် CMP လုပ်ငန်းကိုသာ အဓိကထား ခွင့်ပြုဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #နိုင်ငံခြားသားရင်းနှီးမြှုပ်နှံ #ပဲခူးတိုင်း #စီးပွားရေးသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW