ဘူးသီးတောင်၊ ညောင်ချောင်းဈေး မီးလောင်မှု ဆိုင်ခန်း (၂၄) ခန်းနဲ့ သိန်း (၂) ထောင်နီးပါး မီးလောင်ဆုံးရှုံး

မေ ၃၀-၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းကျေးရွာမှာ ဒီကနေ့ မေလ ၃၀ ရက်နေ့ မနက်အစောပိုင်း ၂ နာရီလောက်က ဈေးမီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း ၂၄ ခန်း မီးလောင်သွားကာ ကာလတန်ဖိုး သိန်း ၂ ထောင်နီးပါး ဆုံးသွားတယ်လို့ ဈေးကော်မတီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ညောင်ချောင်းကျေးရွာဒေသခံတဦးဖြစ်တဲ့ မာလာယာက “ ဈေးမီးလောင်တာဟုတ်ပါတယ်။ လိုင်းတန်း (၂) တန်းပါသွယ်တယ်။ တစ်တန်းမှာ ဆိုင်ခန်း (၁၂) ခန်းရှိတယ်။ အားလုံး (၂၄) ခန်းပါသွားပါတယ်။ မီးသတ်တပ်ဖွဲ့တော့မရောက်ဘူး။ ရွာသားတွေဝိုင်းပြီး ငြိမ်းသတ်ကြရတယ်။ ဒီဖက်မှာ လမ်းတွေဆိုးလို့ ထင်ပါတယ်” လို့ ပြောပါတယ်။

မီးလောင်ဆုံးရှုံးသွားတဲ့ ဆိုင်ခန်းတွေထဲမှာ ဆန်အိတ် (၁၀၀)ခန့်ရှိတဲ့ ဆိုင်ခန်း (၁၂) ခန်း၊ ပန်းပဲလုပ်ငန်းခွင် ဆိုင်ခန်း (၄) ခန်းနဲ့ ကုန်စုံဆိုင်ခန်းတွေ ဖြစ်တယ်လို့သိရပါတယ်။

ညောင်းချောင်းဒေသခံတဦးဖြစ်တဲ့ ကိုလင်းလင်းကလည်း “မီးလောင်တာက ဘယ်လိုစလောင်သလဲဆိုတာမသိရဘူး။ သတင်းကြားလို့ သွားကြည့်တဲ့အခါ မီးကျွမ်းသွားပါပြီ။ ဈေးက ကုလားရွာနဲ့နီးတော့ အဲဒီကလူတွေဝိုင်ပြီးငြိမ်းသတ်ကြတယ်”လို့ ပြောပါတယ်။

ဈေးမီးလောင်နေချိန်မှာ ကျေးရွာသားတွေ ဝိုင်းဝန်းကာ ရေစုပ်စက်တွေကို အသုံးပြုပြီး ကျေးရွာအနီး ချောင်းထဲက ရေကိုစုပ်ယူပြီးတော့ ငြိမ်းသတ်ခဲ့ရတယ်လို့ ပြောပါတယ်။

“ရွာသားတစ်ယောက်အနေနဲ့ ဈေးမီးလောင်သွားတဲ့အပေါ် အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ အဲဒီ မီးထဲပါသွားတဲ့ ဆိုင်ခန်းတွေမှာက တချို့ဆိုရင် ကိုယ်ပိုင်ဆိုင်ခန်းတွေမဟုတ်ဘူး။ ဆိုင်ခန်းငှားပြီး ရောင်းချနေကြရတာ။ စပါးတွေ၊ ဆန်တွေဆိုရင် အကြွေးဝယ်ပြီးတော့ တင်ထားကြရတာ” လို့ မာလာယာကပြောပါတယ်။

ဈေးမီးလောင်မှုနဲ့ပတ်သက်ပြီး ဈေးကော်မတီတွေနဲ့ လုံခြုံရေးအစောင့်တို့ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က စစ်ဆေးနေတယ်လို့ ကျေးရွာသားတဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ညောင်ချောင်းဈေးမှာ ဈေးဆိုင်ခန်းပေါင်း (၂၀၀)ကျော်လောက်ရှိပြီး အနီးအနား ကျေးရွာပေါင်း (၂၀)ခန့်အတွက် အားထားနေရတဲ့ ဈေးဖြစ်တယ်လို့ သိရပါတယ်။

ညောင်ချောင်းဈေးဟာ အိမ်ခြေ ၁၅၀ လောက်ရှိတဲ့ ရခိုင်(ညောင်ချောင်း)ရွာနဲ့ အိမ်ခြေ (၁၀၀၀)ခန့်ရှိတဲ့ မူဆလင်(ညောင်ချောင်း)ရွာကြားမှာရှိပြီး အနီးပတ်ဝန်းကျင်မှာ နယ်ခြားစောင့်စခန်းတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဈေးမီလောင်းမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ဘူးလို့ ရွာသားတွေက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကလည်း ကင်းတောင်ကျေးရွာဈေးမှာ အခုလိုပဲ မနက်အစောပိုင်း ၂ နာရီလောက်မှာ မီးလောင်မှုဖြစ်ပွားပြီး ဈေးဆိုင်ခန်း (၂၀) မီးလောင်ဆုံးရှုံးသွားတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ဘူးသီးတောင် #ညောင်ချောင်းဈေး #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW