ရွှေတောင်ရွှေနန်းကျက်သရေ

ဆူးငှက်

“ အိုင်ရေနဝရတ်နှုန်းတန္တီလို၊ ရွှေကျုံးဂ္ဘီရံကာသန်း၊ ပြည်ကြီးမွန်ဖောင်တော်ကမြန်းနှင့်၊ ရွှေတောင်ရွှေနန်းကျက်သရေ၊ ရွှေလောင်းရွှေလှေထွေထွေယှက်၊ တဇော်ရွှေစက် ရေလကျ်ာရစ်ခွေ ”
( ဦးပုည )

မန္တလေးသည် ယခု ၂၀၂၂ ခုနှစ်တွင် (၁၆၆)နှစ်သက်တမ်းကိုဖြတ်သန်းခဲ့သော မြို့တစ်မြို့ဖြစ်သည်။ ခရစ်နှစ်၁၈၅၆ခုနှစ်တွင် ရန်ကုန်မြို့၏မြောက်ဘက် ကီလိုမီတာ၇ဝဝအကွာ၊ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းခြေရှိ ကျယ်ပြန့်သောမြေအပြင်ရှိရာ မြောက်လတ္တီ ကျုဒ် ၂၁- ၅၈ ၊ အရှေ့လောင်ဂျီကျုဒ် ၉၆- ဝ၄ ဆုံရာအရပ်၌ မင်းတုန်းမင်းတြားကြီးက မန္တလေးကို စတင် တည်ထောင်ခဲ့သည်။

အမရပူရမြို့တော်ဟောင်း၌ မင်းတုန်းမင်း နန်းတက်သော ၁၈၅၃ ခုနှစ် ဖေဖော်ဝါရီလကတည်းက အောက်မြန်မာပြည်ရှိ မြို့တော်ရန်ကုန်ကို ကပ္ပတိန်ဖရေဇာက ခေတ်မီမြို့သစ်စီမံကိန်းအဖြစ် အကောင်အထည်ဖော်နေသောကြောင့်၊ ဝါးကပ်နှင့် သစ်သားအိမ်များပါများကာ လမ်းများကျဉ်းမြောင်းပြီး ဘေးအန္တရာယ်လည်းနီး၊ ကျန်းမာရေးနှင့်လည်း ဆန့်ကျင်သော
အမရပူရမြို့ဟောင်းကို စွန့်ခွာကာ အောက်မြန်မာပြည် နည်းတူ မြို့သစ်နန်းသစ် တည်ထောင်လိုသောဆန္ဒမှာ မင်းပျိုမင်းလွင်တိုင်း ရှိနေမည်မှာ သေချာသည်။

ထို့ကြောင့် ဝန်ကြီးများ အစုံအညီသဘောတူညီမှုဖြင့် ခရစ်နှစ် ၁၈၅၆ ခုနှစ် အောက်တိုဘာလ ၃ဝ ရက်နေ့တွင် မန္တလေးမြို့သစ်စီမံကိန်းကို ချမှတ်ခဲ့သည်။ ခရစ်နှစ် ၁၈၅၆ ခုနှစ်သည် သာသနာနှစ် ၂၄ဝဝ နှင့် ကိုက်ညီသဖြင့်လည်း ထိုနှစ်၌ ဆန္ဒတော်ကို အပြီးသတ် အဆုံးအဖြတ် အတည်ပြုခြင်းဖြစ်၏။

မြို့သစ်နန်းသစ်နှင့် ပတ်သက်၍ လုပ်ဆောင်ဖွယ်ရာ အသီးသီးကိုဆောင်ရွက်ပြီးနောက် မြို့တည်မော်ကွန်းတွင် မြန်မာကောဇာသက္ကရာဇ် ၁၂၂၁ ခု (ခရစ်နှစ် ၁၈၅၉ ခု၊ သာသနာနှစ် ၂၄ဝ၃ ခု)တွင် မန္တလေးမြို့တည်ပြီးကြောင်း မှတ်တမ်းတင် ရေးထိုးခဲ့သည်။

ကျုံးလေးဘက်လေးတန် ကာရံ၍ အုတ်မြို့ရိုးကြီးဖြင့် စတုရန်းကျကျ တည်ဆောက်ထားသော နန်းမြို့တော်ကြီးမှာ တစ်ဘက်လျှင် တာ ၆ဝဝ အညီအမျှဖြင့် စုစုပေါင်း တာ ၂၄ဝဝ ရှိ၏။ မြို့တည်သည့် သာသနာသက္ကရာဇ် ၂၄ဝဝ ကို အမှတ်အသားပြုခြင်းဖြစ်သည်။ (တစ်တာလျှင် ခုနစ်တောင်၊ တစ်တောင် ၁၉ လက္မဖြင့်တွက်လျှင် မြို့ရိုးတစ်ဘက် ၁ မိုင် ၂ ဖာလုံ ၅၅ ကိုက်မျှရှိပြီး လေးဘက်ပေါင်း ၅ မိုင် နှင့် ၁ ဖာလုံရှိသည်။) မြို့တော်တွင်း၌ တာ ၅ဝ လျှင် တစ်ပြ (ပေ ၅၅ဝကျာ်)ဖြင့် အရှေ့အနောက်တောင်မြောက် ၁၂ ပေစီဖြင့် စတုရန်းပြကွက်ကြီးပေါင်း ၁၄၄ ကွက်လျာထားသည်။

မြို့ပြင်၌လည်း ၎င်းအတိုင်းအထွာပြများအတိုင်း လမ်းများဖောက်ကာ အရှေ့အနောက်တောင်မြောက် ကန့်လန့်ဖြတ်လမ်းများဖြင့် စတုရန်းပုံ ဝင်းကြီးများကို ဖွဲ့စည်းသည်။ မြို့ကို လေးပြင်လေးရပ် ခွဲခြားသတ်မှတ်ကာ အရပ်ဦးရေ(၅၄) ဌာနကို အမည်သမုတ် ခေါ်တွင်စေခဲ့၏။

နန်းတော်ကို ဗဟိုပြု၍ နန်းမြို့ရိုး၏ အရှေ့ဘက်ပိုင်းကို အရှေ့ပြင်၊ အနောက်ဘက်ကျသောအပိုင်းကို အနောက်ပြင်၊ မြောက်ဘက်ကျသော အပိုင်းကို မြောက်ပြင်ဟု အကြမ်းဖျဉ်းသတ်မှတ်သည်။

ထို့ကြောင့် အရှေ့ပြင်တွင် ရပ်ကွက်ကြီး(၇)ကွက်၊ တောင်ပြင်တွင် ရပ်ကွက်ကြီး (၁၃)ကွက်၊ အနောက်ပြင်တွင် ရပ်ကွက်ကြီး (၂၉)ကွက်နှင့် မြောက်ပြင်တွင် ရပ်ကွက်ကြီး (၅)ကွက်ဖြင့် ဖွဲ့စည်းထားပြီး စုစုပေါင်းရပ်ကွက် (၅၄)ကွက်ရှိသည်။ (၅၄)ကွက်စလုံးလည်း လှပခံ့ညားနန်းဆံသော နာမည်များပေးခဲ့၏။ ယခုတိုင် ထိုရပ်ကွက်များမှာ မူလနာမည်များ တိမ်မြုပ်ပျောက်ကွယ်သွားကြ၏။ ဥပမာ-ဝိဇယမဟီ၊ ဇေယမင်္ဂလာ၊ ဘူမိဇေယာ၊ ဇမ္ဗူ့ကြငှန်း၊ တုလွတ်ရန်အောင်၊ ဘေးမဲ့လွတ်ရှောင်၊ ကျွန်းလုံးကြေညာ၊ ဘုန်းတော်ရောင်၊မြကျွန်းတန်ဆောင်၊ မြနန်းအောင်မြေ၊ မြနန်းစံရာ၊မြနန်းဘုံသာ၊ မြကျွန်းမြေငူဟူသည့် အမည်နှင့်ရပ်ကွက်များဖြစ်သည်။

မန္တလေး၏ ရပ်ကွက်ကြီးများနှင့် ပတ်သက်၍ ဝက်မစွတ်မြို့စားဝန်ထောက်မင်းက လင်္ကာဖွဲ့ခဲ့သည်။
ရတနာပုံ၊ဇေယုံကြငှန်း၊ပြည်ရွှေမန်းဝယ်၊ နန်း၏ဝန်းကျင်၊လေးပြင်မျက်နှာ၊ ရံကာဝပ်ညောင်း၊ ရပ်ကွက်ပေါင်းကို၊ ခြီးသောင်းသြဇာ၊ မင်္ဂလာဖြင့်၊ သညာပညတ်၊ တံဆိပ်ခတ်၍၊ တပ်မှတ်တော်မူ၊ လှိုင်ကြူပျံမွှေး၊ ငါးဆယ်လေးကို၊ တဝေးလူဗိုလ်၊ မှတ်စေလို၍၊ သံချိုဗျူးတား၊ လင်္ကာအားဖြင့်၊ ပျံရှားချိုလွင်၊ သံပိုင်းတင်ပိမ့်။ ဟူ၍ဖြစ်သည်။

မန္တလေး၏ ရပ်ကွက်အမည်များပေးရာတွင် မင်းတဲအီကင်း၊ဒေးဝန်း၊ တမ္ပဝတီ စသော မူလကရှိပြီး အမည်များ၊ အောင်နန်းရိပ်သာ၊ ရတနာဘုမ္မိစသော ရာဇဝင်သမိုင်းဆိုင်ရာ အမည်များ၊ရွှေလှံဗိုလ်ဝင်း၊ အမြောက်တန်း၊ သူရဲတပ် စသော အမှုထမ်းအမည်စွဲ ရပ်ကွက်များအပြင်၊ မိရိုးဖလာအစဉ်အဆက် လုပ်ကိုင်ကြသောလုပ်ငန်းများ၊ လက်မှုအနုပညာအနေနှင့် တန်ဖိုးထားသော လုပ်ငန်းများစသည့် အစုအငန်းလုပ်ငန်းများနှင့်ပတ်သက်၍လည်း သီးခြားရပ်ကွက်များ စံနစ်တကျ ဖွဲ့စည်းပေးခဲ့သည်။

ဆရာကြီးဦးမောင်မောင်တင်(မဟာဝိဇ္ဖာ)၏ သုတေသန စာတမ်း အလိုအရ အဆိုပါရပ်ကွက်ပေါင်းမှာ ရပ်ကွက်ကြီးအနေနှင့် ရွှေချည်ထိုး၊ မျက်ပါးရပ်၊ကြေးသွန်းရပ် (တမ္ပဝတီ)၊ ကျောက်ဆစ်တန်းနှင့် စာတိုက်တန်းတန်းတို့ဖြစ်ပြီး လုပ်ငန်းအစုအငန်းများမှာ ၆၀ အထိရှိသည်ဟု မှတ်သားရပါသည်။ လုပ်ငန်းအများစုမှာ ရှေးမြန်မာ့ရိုးရာ လုပ်မှုလုပ်ငန်းများဖြစ်သဖြင့် ယင်းကဲ့သို့ တစ်စုတစ်စည်းတည်း ထားရှိခြင်းဖြင့် လုပ်ငန်းဆိုင်ရာ ထိန်းသိမ်းတည်တံ့စေခြင်းကို အထူးအားပေးချီးမြှင့်ရာ ရောက်ခဲ့သည်။

သို့သော် ပြောင်းလဲလာသောခတ်အခြေအနေတွင် သတိမမူ တန်ဖိုးမထားတတ်ခြင်း အခြေအနေများ၌ အများစုမှာ ဆုံးရှုံးပျာက်ကွယ်ခဲ့ကြလေပြီ။
ဂုန္တာန်ထိုးခြင်း၊ ဂုန္တာန်နှိပ်ခြင်းဟူသောလုပ်ငန်း၊ ရွှေချည်ထိုးလုပ်ငန်းတွင် သုံးသော ရွှေကြယ်ငွေကြယ်များ ခတ်လုပ်သည့် ကြယ်ခတ်လုပ်ငန်း၊ ချည်ဆေးဆိုးနီပါးလုပ်ငန်း၊ အိမ်တော်ရာထီးလုပ်ငန်း၊ ထီးရိုးပွတ်ထိုးလုပ်ငန်း၊ ပုရပိုက်လုပ်ငန်း စသည်တို့မှာ ပျောက်ခြင်းမလှပျောက်ကွယ်သွားခဲ့ပြီ။ ဘာ မှတ်တမ်းမှတ်ရာမှ မကျန်တော့။ပြသစရာ နမူနာပင်မရှိတော့။ တကယ်တော့ ထိုအရာများအားလုံးသည် တန်ဖိုးထားအပ်သည့် အမျိုးသားရေးဆိုင်ရာ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်သည်။

ဤကဲ့သို့ ဒြပ်မဲ့ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ ပေါကြွယ်ဝရာ မန္တလေးတွင် ယခုထက်တိုင် လုပ်ငန်းအဖြစ် ခိုင်မာစွာ တည်ရှိနေသေးသော်လည်း၊ အမျိုးသားရေးဆိုင်ရာ အသိအမြင်တိမ်းပါးမှု၊ ငွေကြေးတန်ဖိုးအပေါ် စီးပွားတွက် တစ်ကြောင်းစွဲမှု၊ ခေတ်မီလိုခြင်းနှင့် ရိုးရာအပေါ် အထင်အမြင်သေးမှု၊ လတ်တလော ရင်ဆိုင်ဖြေရှင်းရမည့် အရေးကြီးပြဿနာမဟုတ်ဟု လျစ်လျူရှုမှု စသော ကြောင်းခြင်းရာများဖြင့် နေ့ချင်းညချင်း ပျောက်ကွယ်သွားနိုင်သော လုပ်ငန်းတစ်ခုလည်းရှိနေပါပြီ။

အဆိုပါလုပ်ငန်းမှာ မန္တလေး၌သာ အစဉ်အဆက်တည်ရှိနေသော ရွှေမျက်ပါး ရွှေဆိုင်းလုပ်ငန်း ဖြစ်ပါ၏။
တကယ်တော့ ရွှေမျက်ပါး ရွှေဆိုင်းလုပ်ငန်းက ရှင်သန်ဆဲ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စစ်စစ်ဖြစ်သည်။ လက်မှုနှင့် အနုပညာတန်ဖိုးရှိစွာ တွဲဖက်နေသော ထိုလုပ်ငန်းမှာ ပုဂံခေတ်ကတည်းက ထင်ရှားတည်ရှိခဲ့သည်။ ခေတ်အဆက်ဆက် မတိမ်ကော မ ပ မပျောက်ခဲ့ဘဲ တည်ရှိခဲ့ခြင်းမှာ ရှေးက ထီးသုံးနန်းသုံးများတွင် သာမက ဘာသာရေးဆိုင်ရာ ကိုးကွယ်ယုံကြည်မှု အဆောင်အယောင်များ၏ အဓိကအခြေခံဖြစ်သောကြောင့် ဖြစ်သည်။ ယခုအခါ ထီးသုံးနန်းသုံးဆိုင်ရာကဏ္ဍ မရှိတော့သော်လည်း ဘာသာရေးနှင့် ပတ်သက်၍ အများဆုံးအသုံးပြုဆဲမို့ အဖိုးတန် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စစ်စစ် တစ်ခု ကျန်ကောင်ကျန်ရာ ကျန်ရှိနေခြင်းဖြစ်သည်။

ထို့ကြောင့် မြန်မာမှုရိုးရာ ရွှေမျက်ပါး ရွှေဆိုင်းလုပ်ငန်း တည်တံ့ရေးအတွက် အားထားရာက မြန်မာပြည်တွင်းရှိ တန်ခိုးကြီးဘုရားကြီးများပဲ ဖြစ်ပါသည်။ တန်ခိုးကြီး ဘုရားစေတီကြီးများက မြန်မာမှုရိုးရာ ရွှေမျက်ပါးရွှေဆိုင်းကို နိုင်ငံခြားဖြစ် စက်ရွှေများနှင့် အစားမထိုးဘဲ အလှူခံ အပူဇော်ခံခြင်းဖြင့် ပုဂံခေတ်ကတည်းက ယခုထက်တိုင် ဘာသာသာသနာ၏ စောင့်ရှောက်မှုဖြင့် တည်တံ့နေသော ရှင်သန်ဆဲ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စစ်စစ်တစ်ခု ထိန်းသိမ်းခိုင်မြဲနေခြင်း ဖြစ်ပါ၏။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW