ရခိုင်နဲ့ ချင်းမှာ တစ်လအတွင်း မိုင်းဒဏ်ကြောင့် သေဆုံး၊ဒဏ်ရာရသူ ၄ ဦးထိရှိ

မေ ၃၁-၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့မှာ မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် အခု မေလအတွင်း သေဆုံးသူ (၃) ဦးနဲ့ ဒဏ်ရာရသူ (၁) ဦးတို့ ရှိကြောင်းသိရပါတယ်။

မိုင်းကြောင့် သေဆုံးသူ (၃) ဦးဟာ ရခိုင်ပြည်နယ်က ဖြစ်ပြီး ကျန်ဒဏ်ရာရရှိသူ တဦးမှာ ပလက်ဝမြို့နယ်က ဖြစ်ပါတယ်။

ဒီကနေ့ မေလ ၃၁ ရက်နေ့ မနက်ပိုင်း ၇ နာရီလောက်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရုပ်ဝကျေးရွာမှာ အသက် (၇၅) နှစ်အရွယ် အဘွားအိုတဦး ရွာအနီးက တောင်ပေါ်ကို ဟင်းရှာသွားချိန် မိုင်းပေါက်ကွဲပြီး သေဆုံးခဲ့ပါတယ်။

အဲဒီ အဘွားအမည်ဟာ ဒေါ်မတင်သိန်းဖြစ်ပြီး မိုင်းပေါက်နင်းမိရာမှာ ခြေထောက်နှစ်ဖက်လုံးပြတ်ထွက်သွားတာကြောင့် ကျောက်တော်မြို့နယ် ပြည်သူ့ဆေးရုံပို့ဆောင်စဉ် စက်လှေပေါ်မှာပဲ သေဆုံးသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရုပ်သားကျေးရွာမှ ဒေါ်မတင်သိန်းရဲ့ ဆွေးမျိုးတော်စပ်သူတဦးက “အဘွားက တောင်မှာ သင်္ဘောညွန့်ခူးနေတဲ့အချိန် မိုင်းပေါက်သွားတာပါ။ ရွာသားတွေက အဲဒီရွာအနီးက တောင်ကိုပဲ မှီခိုပြီး ဟင်းသီးဟင်းရွက်တွေ ခူးပြီးတော့ စားကြရတာ။ အခုလိုဖြစ်သွားတာတော့ စိတ်မကောင်းပါဘူး။ တာဝန်ရှိသူတွေအနေနဲ့ မိုင်းတွေကို ရှင်းလင်းပေးစေချင်တယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ကလည်း ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ တောင်ယာခုတ်တဲ့ လူငယ်တဦး မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရရှိကာ မေလ ၂၉ ရက်နေ့မှာ စစ်တွေဆေးရုံကို ရောက်ရှိလာပါတယ်။

သူဟာ ပလက်ဝမြို့နယ်၊ ငချားကျေးရွာက အသက် ၂၀ အရွယ် မောင်အောင်အောင်ဦး ဆိုသူဖြစ်ပြီး အဲဒီနေ့က ရွာအရှေ့ဘက် ၁ မိုင်လောက်အကွာမှာရှိတဲ့ တောင်ယာကနေ အပြန်လမ်းမှာ မိုင်းနင်းမိခဲ့တာဖြစ်တယ်လို့ မိသားစုက ပြောပါတယ်။

အဲဒီမိုင်းနင်းမိတဲ့ လူငယ်မှာ ညာခြေ မျက်စိအောက် ပြတ်ထွက်ဒဏ်ရာနဲ့ ခန္ဓာကိုယ်အနှံ မိုင်းစထိမှန်ဒဏ်ရာတွေ ရရှိသွားပြီး ဒီကနေ့အထိ စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။

ဆက်လက်ပြီး မေလ ၁၅ ရက်နေ့မှာလည်း မင်းပြားမြို့နယ်၊ ပန်းမြောင်းတိုက်နယ် ဒေသခံတဦးဖြစ်တဲ့ ဦးမောင်သာထွန်း (၆၀)နှစ်ဟာ ထင်းခွေသွားစဉ် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ခြေထောက်နှစ်ဖက်လုံးပြတ်ကာ နေရာမှာပဲသေဆုံးသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့ကလည်း အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စု၊ ဒါးလက်မြောက်ရွာမှာ သီဟို၌စိုက်ခင်းအတွင်း မြေမြုပ်မိုင်းနင်းမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ဒေသခံတဦး နေရာမှပင် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ကျေးရွာတာဝန်ရှိသူတွေက မေလ ၁၄ ရက်နေ့မှာ ပြောခဲ့ပါတယ်။

အဲဒီသေဆုံးသွားသူဟာ ဒါလက်မြောက်ကျေးရွာက ဦးသန်းမင်းနိုင် အသက်(၃၇) နှစ်ဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် ဘယ်ဘက်ခြေထောက် ခြေမျက်စိအောက် ပြတ်ထွက်ဒဏ်ရာ၊ ညာခြေထောက် ကြွက်သားပဲ့ထွက် ဒဏ်ရာတွေနဲ့ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြေမြုပ်မိုင်းအန္တရာယ်ကြောင့် သေဆုံးသူအများအပြားရှိခဲ့ပြီး အများစုမှာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကာလက တိုက်ပွဲတွေပြင်းထန်းခဲ့တဲ့ ရခိုင်မြောက်ပိုင်းမြို့နယ်တွေက ကျေးလက်နေပြည်သူတွေဟာ မြေမြုပ်မိုင်းအန္တရာယ်ကို ဒီနေ့အချိန်ထိ ကြုံတွေ့နေရတာဖြစ်ပါတယ်။

မြေမြုပ်မိုင်းအန္တရာယ်ကြောင့် လူတွေ ကိုယ်လက်အင်္ဂါနဲ့ အသက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး လူမှုရေးလှုပ်ရှားသူ ကိုမျိုးလွင်က “ ကျနော်တို့ဒေသမှာက ကျေးလက်နေပြည်သူတွေ အဲဒီမိုင်းအန္တရာယ်ကို ကြုံတွေ့နေရတာပါ။ သူတို့က မြစ်ချောင်း၊ အင်းအိုင်တွေ၊ တောတောင်၊ လယ်ယာတွေကို မှီခိုပြီး အသက်မွေးကြရတာပါ။ အဲ့ဒီဒေသက လူတွေအတွက် အသက်သွေးကြောပါ။ အဲဒီနေရာတွေမှာ မြေမြုပ်မိုင်းတွေထောင်ဖို့ မသင့်တော်ပါဘူး။ ထောင်ခဲ့ရင်လည်း သက်ဆိုင်သူတွေအနေနဲ့ ရှင်းလင်းပေးဖို့လိုပါတယ်။ စစ်ရေးပဋိပက္ခကြောင့် နှစ်ဖက်လုံး လုံခြုံရေးအရဆိုရင်လည်း ပြည်သူတွေကို ပစ်မှတ်ထား ထိခိုက်နစ်နာမှုမရှိနိုင်တဲ့ ပုံစံမျိုး ဖြစ်ဖို့လိုပါတယ်”လို့ ထောက်ပြပြောဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ မြေမြုပ်မိုင်းအန္တရာယ်ကြောင့် သေဆုံးသူ (၅၀) နီးပါးနဲ့ ဒဏ်ရာရရှိသူ (၉၀) ကျော်ရှိတယ်လို့ မီဒီယာတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စာရင်းအရလည်း သိရပါတယ်။

ရခိုင်ပြည်နယ်တွင်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကနေ လက်ရှိအချိန်ထိ မိုင်းပေါက်ကွဲမှုအကြိမ်ရေပေါင်း (၂၀၀) ထက်မနည်း ရှိခဲါဒ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ စာရင်းအရသိရပါတယ်။

ဒီကနေ့အချိန်ထိ မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွေဟာ လက်နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်ပတ်သက်သူတွေနဲ့ ဆက်နွယ်နေပြီး မြေမြုပ်မိုင်းဟာ မိမိတို့ရဲ့ လူမှုဘဝ၊ အသက်နဲ့ခန္ဓာကိုယ်ပျက်စီးဆုံးရှုံးစေဖို့ ခြိမ်းခြောက်နေတယ်လို့ ကျေးလက်နေပြည်သူတွေက ပြောဆိုနေကြပါတယ်။

#voiceofmyanmar #VOM #ရခိုင် #ချင်း #မိုင်းဒဏ် #သေဆုံးသူ

Related posts

Leave a Comment

VOM News

FREE
VIEW